The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ပစ်မှတ် ဇာဗီဆိုင်မွန်ကို အရခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်က ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် ဇာဗီဆိုင်မွန်ကို အမိအရခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက လိုက်ပစ်ဇ်မှာ အငှားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့အပြင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်နဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဆိုင်မွန်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ခိုင်ခိုင်မာမာနေရာယူထားတာဖြစ်ပါတယ်။

သတင်းတွေအရ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ကစားသမားကို ကွင်းလယ်တိုက်စစ်မှာသာမက ကွင်းလယ်ခံစစ်နေရာမှာပါ အသုံးပြုနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ကစားသမားကို ပေါင် ၄၂ သန်းနဲ့တောင် ရောင်းချခြင်းမပြုခဲ့တဲ့ ပီအက်စ်ဂျီအနေနဲ့ယခုအခါမှာတော့ ကစားသမားအတွက် တန်ကြေး မြင့်မြင့်မားမားတောင်းဆိုသွားဖွယ်ရှိပါတယ်။

ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်ပေမယ့် ယူနိုက်တက်က ကြားဖြတ်ခေါ်ယူသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ဆိုင်မွန်အပြင် ပီအက်စ်ဂျီကွင်းလယ်လူ မန်နူဂယ်ယူဂါတီကိုလည်း ပေါင်သန်း ၆၀ နဲ့ခေါ်ယူဖို့ ကြိုးစားနေပါတယ်။  

၂၀၂၂-၂၃ ရာသီမှာ ပီအက်စ်‌ဗွီမှာကစားခဲ့ပြီး နစ္စတယ်ရွိုင်းလက်အောက်မှာ ပညာသင်ယူခဲ့တဲ့ ဆိုင်မွန်အနေနဲ့ သူ့ရဲ့ဆရာဟောင်းနဲ့ပြန်လည်ဆုံတွေ့ဖို့ စိတ်အားထက်သန်နေတယ်လို့လည်းသိရပါတယ်။ လိုင်လီကြယ်ပွင့် လန်နီယိုရိုကို ခေါ်ယူနိုင်ခဲ့တဲ့ယူနိုက်တက်အနေနဲ့ ယခုအခါမှာ‌တော့ ယူဂါတီကို ဆက်လက်ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပါတယ်။  

လောလောဆယ်မှာတော့ ကလပ် ၂ ခုအကြား သဘောတူညီမှု တစ်စုံတစ်ရာမရသေးဘဲ ပီအက်စ်ဂျီအနေနဲ့ ယူဂါတီကို ပေါင်သန်း ၆၀ အောက်လျော့နည်းတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဥရုဂွေးလက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက စပို့တင်းလစ္စဘွန်းမှ ပီအက်စ်ဂျီသို့ ပေါင် ၄၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။