The network connection is lost.

Banner Image

ဘောလုံးလောကရဲ့ လေးစားမှုကိုရရှိဖို့ အင်္ဂလန်အနိုင်ရမှဖြစ်မယ်လို့ဆိုလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က အသင်းအနေနဲ့ ဘောလုံးလောကရဲ့ လေးစားမှုကိုရရှိဖို့ဆိုရင် စပိန်နဲ့ရင်ဆိုင်သွားရမယ့် ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အနိုင်ရမှဖြစ်မယ်လို့ ပြောကြားလာခဲ့ပါတယ်။

၁၉၆၆ ခုနှစ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးကတည်းက နိုင်ငံတကာဘောလုံးလောကမှာ အောင်မြင်မှုမရခဲ့တဲ့ အင်္ဂလန်အနေနဲ့ ၅၈ နှစ်ကြာဖလားမိုးခေါင်မှုကိုအဆုံးသတ်ဖို့ ယခုယူရိုဗိုလ်လုပွဲမှာ အစွန်းကုန်ကြိုးပမ်းသွားဖို့ ဆောက်ဂိတ်က ပြောကြားလာခဲ့တာဖြစ်ပါတယ်။

စနေနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆောက်ဂိတ်က "ပြိုင်ပွဲစကတည်းက ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံအသင်းတစ်သင်းအနေနဲ့ တတ်နိုင်သလောက်ရိုးသားဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားတွေ၊ ယူရိုချန်ပီယံရှစ်တွေပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲမစခင်မှပြတဲ့ ဟိုက်လိုက်တွေမှာတော့ ကျွန်တော်တို့အသင်းမပါခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ဗိုလ်စွဲထားတဲ့အသင်းကိုပဲပြတာဖြစ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ ဒါကိုပြောင်းလဲနိုင်ဖို့လိုနေပါပြီ" 

"ကျွန်တော်တို့မှာမြင့်မားတဲ့ မျှော်လင့်ချက်တွေရှိခဲ့ပေမယ့် စွမ်းဆောင်ရည်ကတော့ မျှော်လင့်ချက်နဲ့မကိုက်ညီခဲ့ပါဘူး။ အခုလည်း မြင့်မားတဲ့မျှော်လင့်ချက်တွေရှိနေဆဲပါပဲ။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ကျွန်တော်တို့ လိုက်လျောညီထွေရှိတဲ့ စွမ်းဆောင်မျိုးကိုပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

၁၉၉၆ ခုနှစ်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဂျာမနီကို ပင်နယ်ဆီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဂျာမန်မြေဟာ အင်္ဂလန်အတွက် ကျိန်စာသင့်နေတယ်ဆိုတဲ့ယူဆချက်ကို ဆောက်ဂိတ်က ငြင်းဆန်ခဲ့ပါတယ်။ 

အသက်-၅၃ နှစ်အရွယ်နည်းပြက "ကျွန်တော်က ဒဏ္ဍာရီပုံပြင်တွေကိုယုံကြည်သူမဟုတ်ပါဘူး။ အိပ်မက်တွေကိုပဲ ယုံကြည်သူတစ်ယောက်ပါ။ ကျွန်တော့်မှာ ကြီးမားတဲ့အိပ်မက်တွေရှိခဲ့ပြီး အခုလည်း အိပ်မက်တွေဖြစ်လာဖို့တိုက်ပွဲဝင်နေပါတယ်။ မနက်ဖြန်ဘာပဲဖြစ်လာ ဖြစ်လာ ကျွန်တော်မကြောက်ပါဘူး။ အရာအားလုံးကိုကျော်ဖြတ်ပြီးပြီမို့ ကစားသမားတွေအနေနဲ့လည်း သတ္တိရှိရှိရင်ဆိုင်နိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူရို ၂၀၁၆ ပြိုင်ပွဲမှာအိုက်စလန်ကို ရှုံးနိမ့်ပြီး စောစောစီးစီးအိမ်ပြန်ခဲ့ရတဲ့အင်္ဂလန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့သလို ယူရို ၂၀၂၀ မှာလည်း ဗိုလ်လုပွဲအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီးဆောက်ဂိတ်က "ကျွန်တော်တို့ မှတ်တမ်းတွေအများကြီးကိုချိုးဖျက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီတစ်ခုကိုလည်း ကျွန်တော်တို့ရအောင်ချိုးဖျက်ရပါဦးမယ်။ ဘောလုံးလောကရဲ့လေးစားမှုကိုပြန်ရဖို့ ဒီဖလားကို ကျွန်တော်တို့ ရအောင်ယူရပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။