The network connection is lost.

Banner Image

နွေရာသီမှာ ကစားသမား ၇ ဦး အသင်းကနေ ထွက်ခွာသွားမယ်လို့ အတည်ပြုလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်က လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၇ ဦး အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပြီး လောလောဆယ်မှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကြယ်ပွင့်ကစားသမား ၄ ဦးကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။ 
 
ယူနိုက်တက်ဟာ အခုချိန်အထိ မန်နေဂျာအဲရစ်တန်ဟက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချရသေးတာကြောင့် နယ်သာလန်သားအနေနဲ့ အသင်းဆက်လက်ကျန်ရှိသွားမလား ထွက်ခွာသွားမလား စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။ မကြာသေးမီက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရာဖေးလ်ဗာရာနီနဲ့ အန်တိုနီမာရှယ်တို့ကတော့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။
 
ယခုအခါမှာတော့ အဆိုပါကစားသမား ၂ ယောက်အပြင် အသင်းကနေထွက်ခွာသွားမယ့် နောက်ထပ်ကစားသမား ၅ ဦးထဲမှာ အကယ်ဒမီကြယ်ပွင့် ဘရန်ဒန်ဝီလီယမ်စ်လည်း ပါဝင်နေတယ်လို့သိရပါတယ်။ နောက်ထပ် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေထွက်ခွာသွားမယ့် ကစားသမားတွေကတော့ ချာလီမက်နေး၊ မားကက်စ်လောရန့်စ်နဲ့ ကီးပလမ်ပီတို့ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ စာချုပ်သစ် ချုပ်ဆိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကစားသမား ၄ ဦးစာရင်းထဲမှာတော့ ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်နဲ့ ဂိုးသမား တွမ်ဟီတန်တို့ ပါဝင်နေပါတယ်။
 
ရီးရဲလ်မက်ဒရစ်မှာ ထွန်းတောက်လာခဲ့ပြီး ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဗာရာနီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၃ နှစ်တာနေထိုင်ပြီးနောက်မှာတော့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ ၂၀၂၂-၂၃ ရာသီမှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့တွဲဖက်ပြီး ယူနိုက်တက်ရဲ့နောက်တန်းကို အကောင်းဆုံးဦးဆောင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
 
အသက်-၃၁ နှစ်အရွယ် ကစားသမားဟာ ဟယ်ရီမက်ဂွါရီ၊ ဂျွန်နီအီဗန်စ်နဲ့ ဗစ်တာလင်ဒီလော့ဖ်တို့နောက် စတုတ္ထဦးစားပေးကစားသမားဖြစ်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း ယူနိုက်တက်နေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ သို့သော်လည်း ဗာရာနီဟာ ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ထက်မြက်တဲ့ခြေစွမ်းကို ပြသခဲ့ပြီး အသင်းအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
 
၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက် လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ထွန်းတောက်လာခဲ့တဲ့ မာရှယ်ကလည်း ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်ကို လက်ပြနှုတ်ဆက်သွားပြီဖြစ်ပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ၄ နှစ်လောက်က စတင်ပြီး ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ အသင်းကနေ ထွက်ခွာတော့မယ့် မကြာခဏထင်ကြေးပေးခံခဲ့ရပါတယ်။
 
၂၀၂၁-၂၂ ရာသီမှာ မာရှယ်ဟာ ဆီဗီလာသို့ အငှားချခဲခဲ့ရတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာတော့မယ်လို့ ယူဆခဲ့ပေမယ့် နောက်ထပ် ၂ ရာသီကြာ ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၃၁၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။