အိုးလ်ထရက်ဖို့ဒ်နေရာမှာ လူ ၁ သိန်းဆံ့ကွင်းသစ်ကြီးနဲ့ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ပြုပြင်မွမ်းမံဖို့လိုအပ်နေတဲ့ အသင်းရဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်နေရာမှာ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းတွေထဲမှ တစ်ခုအပါအဝင်ဖြစ်လာဖွယ်ရှိတဲ့ လူဦးရေ ၁ သိန်းအထိဆံ့ဝင်မယ့် ကွင်းသစ်ကြီးနဲ့ အစားထိုးဖို့ရည်ရွယ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့ တွဲဖက်ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ ဘောလုံးလုပ်ငန်းကိစ္စအဝဝကို တိုးတက်မှုရှိအောင်ကူညီပေးနေရုံမက ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်နေရာမှာ အစားထိုးဖို့ ဘောလုံးကွင်းသစ်ကိုပါ အစီအစဉ်ဆွဲနေပြီဖြစ်ပါတယ်။
The Athletic ရဲ့အဆိုအရ ယူနိုက်တက်ဟာ အသင်းရဲ့အိမ်ကွင်းကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ထားပြီး ယခုအခါမှာတော့ ကွင်းအသစ်တည်ဆောက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ အဆိုပါအဖွဲ့က အကြံပြုလာခဲ့တာဖြစ်ပါတယ်။ အခုလို လူ ၁ သိန်းဆံ့ဝင်တဲ့ကွင်းကြီးကို တည်ဆောက်ဖို့ဆိုရင် အနည်းဆုံး ပေါင် ၂ ဘီလီယံအထိ ကုန်ကျသွားမှာဖြစ်ပြီး ၆ နှစ်ခန့် အချိန်ယူသွားရမှာဖြစ်ပါတယ်။
လက်ရှိ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြုပြင်မွမ်းမံဖို့ကလည်း ရွေးချယ်စရာတစ်ခုအဖြစ် ကျန်ရှိနေသေးပေမယ့် ကွင်းကို ပြုပြင်မှုတွေကြောင့် ရာသီလက်မှတ်ကို ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေ အတွက် အဆင်မပြေဖြစ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့သိရပါတယ်။
ယူနိုက်တက်အနေနဲ့ “အိပ်မက်ကဇာတ်ရုံ”လို့နာမည်ကြီးတဲ့ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ပစ်ခဲ့မယ်ဆိုရင်လည်း ကလပ်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် ကွင်းအသစ်မှာ အသင်းရဲ့သမိုင်းဝင်အသွင်အပြင်တွေကို ပုံတူကူးဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ကွင်းအသစ်တည်ဆောက်ဖို့ အကောင်အထည်ပေါ်လာမယ်ဆိုရင် ယူနိုက်တက်ရဲ့ကွင်းသစ်ဟာ ဘာစီလိုနာရဲ့ လက်ရှိပြုပြင်မွမ်းမံနေဆဲဖြစ်တဲ့ နူးကမ့်ကွင်းနောက် ဥရောပတစ်ဝှမ်း ဒုတိယအကြီးဆုံး ဘောလုံးကွင်းဖြစ်လာဖို့ရှိနေပါတယ်။
ဂလေဇာမိသားစုရဲ့ ချုပ်ကိုင်မှုအောက်ရောက်နေတဲ့ ယူနိုက်တက်ဟာ မကြာသေးမီကာလတွေက အိုးလ်ထရက်ဖို့ဒ်ကို ပြုပြင်မွမ်းမံရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မေးခွန်းထုတ်ခံခဲ့ရပါတယ်။ အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတဲ့အချိန်တွေမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ခေါင်းမိုးတွေမှ မိုးရေစိမ့်မှုတွေဟာ ဂလေဇာတွေအနေနဲ့ ကွင်းအပေါ် ဂရုစိုက်မှုမရှိဘူးဆိုတာ အထင်အရှားသက်သေပြသလိုဖြစ်နေခဲ့ပါတယ်။