
ယူရိုပြိုင်ပွဲဝင် အင်္ဂလန်ကစားသမား စာရင်းမှာ ပါဝင်နိုင်ဖွယ်မရှိတဲ့ ကစားသမားနှစ်ဦး ထွက်ပေါ်လာ
ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလက်ရွေးစင် ကစားသမား ၂၆ ဦးစာရင်းမှာ မပါဝင်နိုင်မယ့် နောက်ထပ်ကစားသမားနှစ်ဦးရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဂါရတ်ဆောက်ဂိတ်က နွေရာသီပြိုင်ပွဲကြီးမတိုင်ခင် ပဏာမလက်ရွေးစင်ကစားသမား ၃၃ ဦးဖြင့် စတင်ပြင်ဆင်နေပါတယ်။ ဒီကစားသမားတွေအနက် ခုနစ်ဦးကတော့ နောက်ဆုံးလူစာရင်းထုတ်ပြန်ချိန်မှာ ပါဝင်လာဖို့ မရှိပါဘူး။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အပြီးသတ်လူစာရင်းပတ်သက်ပြီး ထင်ကြေးများစွာရှိနေပြီး တော့တင်ဟမ်ကွင်းလယ်ကြယ်ပွင့်မက်ဒီဆင်က အခုနွေရာသီကာလမှာ နိုင်ငံ့လက်ရွေးစင်တာဝန် မထမ်းဆောင်ရဘူးဆိုတဲ့ကောလာဟလတွေ ယမန်နေ့ညပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ပိုစတီကိုဂလူလက်အောက် ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၂၈ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ အသက်-၂၇ နှစ်အရွယ်ကွင်းလယ်ကစားသမားက ဘော့စနီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်လူက ဂျာမနီနိုင်ငံဆီ အပြီးသတ်လူစာရင်းနဲ့အတူ လိုက်ပါခွင့် မရှိနိုင်တော့ပါဘူး။
မက်ဒီဆင်က ၂၀၂၂ ခုနှစ်၊ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပွဲကစားချိန် မရရှိခဲ့ပါဘူး။ အခုနောက်ထပ်ပေါ်ပေါက်လာတဲ့ ကစားသမားကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ကာတစ်ဂျုံးစ်ပဲ ဖြစ်ပါတယ်။ သူ့ကို ဆောက်ဂိတ်ရဲ့နွေရာသီအစီအစဉ်တွေမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
ကာတစ်ဂျုံးစ်ရဲ့လီဗာပူးအသင်းဖော်ကွင်ဆာလည်း အင်္ဂလန်လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းမှာ ပါဝင်လာဖွယ်မရှိဘူးလို့ မျှော်လင့်ရကြောင်း Daily Mail သတင်းဌာနမှ ဖော်ပြပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ကွင်းလယ်လူစာရင်းမှာ ကလပ်အသင်းဖော် အာနိုးလ်ရှိနေမှုက ကာတစ်ဂျုံးစ်ကို ချန်လှပ်ရခြင်းအတွက် အကြောင်းပြချက်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံးနောက်ခံအစွန်လူတွေအနက် တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားဆီမှ မြင်တွေ့ရတဲ့အရာတွေအပေါ် သဘောကျနှစ်ခြိုက်မိတယ်လို့ ဆောက်ဂိတ်က ဝန်ခံခဲ့ပါတယ်။
ဘော့စနီးယားနဲ့ခြေစမ်းပွဲစဉ်အပြီး ဆောက်ဂိတ်က “ ကျွန်တော်တို့ အရမ်းအားရကျေနပ်မိပါတယ်။ ဒါက အာနိုးလ်ရှာဖွေနေတဲ့ Role တစ်ခုဖြစ်ပြီး ဒီနေရာနဲ့ပတ်သက်လို့ သင်ယူခွင့်ရရှိဖို့ သူ ဆာလောင်နေပါတယ်။ ဒါက လွန်ခဲ့တဲ့တစ်နှစ်တာကာလ ကျွန်တော် သူ့ကိုပြောခဲ့သလိုမျိုးနဲ့ ထပ်တူကျတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး နောက်ဆုံးနာရီဝက်အတွင်း ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အရာတွေကလည်း အသင်းအတွက် အလွန်အရေးကြီးတဲ့ရွေးချယ်မှုတစ်ခု ဖြစ်လာစေပါတယ်။
လာမယ့်ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့အတွက် မတူညီတဲ့စိန်ခေါ်မှုတွေ ရှိလာပါလိမ့်မယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုး ကြံဆဖော်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။