လီဗာပူး အသင်းမှာ ဘယ်နေရာတွင် လူးဝစ်ဒီယက်ဇ် အံ့ဝင်မလဲ??
ပေါ်တိုအသင်းကနေ ပူပူနွေးနွေးရောက်ရှိလာတဲ့ ဒီယက်ဇ်ဟာ မကြာခင်မှာ လီဗာပူးအသင်းထံ ပူးပေါင်းလာမှာ ဖြစ်ပြီး အသက်၂၅နှစ်အရွယ် ကိုလံဘီယာသားဟာ အသင်းရဲ့ ဘယ်နေရာမှာ အံ့ဝင်နိုင်မလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။ ၂၀၁၈ခုနှစ်ကတည်းက ဒီယက်ဇ်ဟာ ဘယ်ခြမ်းတောင်ပံတွင် ၇၆%အထိ ကစားခဲ့ပါတယ်။
သူ့ကို ဘယ်ခြမ်းကွင်းလယ်လူအဖြစ် အချိန်များစွာ ကစားခဲ့သလို နောက်တန်းတောင်ပံအနေနဲ့တောင် ကစားခဲ့ဖူးပါတယ်။ အဲဒီထဲက ၃%လောက်သာ ညာခြမ်းတွင် ဒီယက်ဇ်ကစားဖူးတာ ဖြစ်လို့လီဗာပူးနည်းပြကလော့ပ်ဟာလည်း ဘယ်ခြမ်းမှသာ အသုံးပြုဖို့များပါတယ်။
ဘယ်ခြမ်းမှသာ အများစုကစားလို့ညာခြမ်းမှာ သုံးမရနိုင်ဘူးလို့မပြောနိုင်ပါဘူး။ ကလောပ်ဟာ ဆာဒီယို မာနေး၊ ဒီယိုဂို ဂျိုတာတို့ကို ဘယ်ရော ညာခြမ်းပါ အသုံးချကစားလေ့ ရှိတာကို တွေ့ရတဲ့အတွက် ဒီယက်ဇ်ကိုလည်း ကစားကွက်အရ ဗျူဟာအရ ညာခြမ်းမှာလည်း လေ့ကျင်စေပြီး ထားသုံးနိုင်ပါတယ်။
ဘယ်ခြမ်းနေရာ
-------------
ဘယ်လိုဘဲဖြစ်ဖြစ် ပရိသတ်အားလုံးက ဘယ်ခြမ်းတွင် မာနေးနေရာ ဒီယက်ဇ်ကို အစားထိုးဆက်ခံသူအဖြစ် ခေါ်တယ်လို့ ယူဆထားကြပါတယ်။ အထူးသဖြင့် မာနေးဟာ ဘယ်ခြမ်းမှာ ခြေစွမ်းပြ ကစားနေတယ်ဆိုပေမယ့် သတင်းတွေအရ ၎င်းကို စာချုပ်သက်တမ်း မတိုးတော့ဘူးလို့ဖော်ပြနေကြပါတယ်။
ဂျိုတာဟာလည်း မာနေးနေရာမှာ ဝင်ရောက်ကစားခဲ့ဖူးတာတွေ ရှိပြီး အဆင်ပြေစွာ ခြေစွမ်းပြထားပါတယ်။ ဒါကြောင့် မာနေးကို ကာလရှည်တွင် အသုံးမပြုတော့ဘဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မာနေးလို တောင်ပံကနေ ဖြတ်ကျော်ပြီး ပင်နယ်တီဧရိယာအတွင်း အဆုံးသတ်သေချာတဲ့သူ ဒီယက်ဇ် ဖြစ်လာပါ့မလားဆိုတာ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။
ပေါ်တိုအသင်းမှာ ကြယ်ပွင့်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်လို စိန်ခေါ်မှု ပြင်းထန်တဲ့ ကြံခိုင်မှုပိုင်းမာကြောတဲ့ လိဂ်မှာ ဒီယက်ဇ် ချက်ချင်းအံ့ဝင်နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ချင်စရာဘဲ ဖြစ်တယ်။ ဒီယက်ဇ်ဟာ မာနေးကဲ့သို့ကွင်းလယ်ကနေ ဘောလုံးဆင်းယူပြီး ချက်ချင်းတိုက်စစ်စနိုင်သူ ဖြစ်တယ်။ အလားတူ နောက်ထပ်မေးခွန်းတွေကတော့ မာနေးကဲ့သို့ဒဏ်ရာကင်းစင်စွာ ပွဲတိုင်းကစားနိုင်မလား။ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်နဲ့ တွဲဖက်ညီစွာ ကစားနိုင်မလားဆိုတာတွေ ဖြစ်ပါတယ်။
ကွင်းလယ်ဘယ်ခြမ်းနေရာ
---------------
ဘယ်တောင်ပံမှာ အဆင်မပြေရင် ကွင်းလယ်ဘယ်ခြမ်းမှာရော အံ့ဝင်မလား စဉ်းစားစရာဘဲ ဖြစ်ပါတယ်။ ကလော့ပ်ဟာ တခါတရံ ၄-၄-၂ ကစားကွက်ကို ပြောင်းတတ်ပြီး ဒီယက်ဇ်ဟာ ကွင်းလယ်ဘယ်ခြမ်းမှာ ကစားရနိုင်ပါတယ်။ တန်ပြန်တိုက်စစ်စတင်ရာမှာလည်း ပြေးအားကောင်းကောင်းနဲ့အသုံးဝင်သူမို့ ဒီယက်ဇ်ဟာ လီဗာပူးရဲ့ Pressing မှာ အံ့ဝင်ကောင်းဝင်နိုင်ပါတယ်။ လီဗာပူးမှာ အရင်က ကာတစ်ဂျုံးစ်၊ မီနာမီနိုတို့ကို ကွင်းလယ်ဘယ်ခြမ်းမှာ ထားသုံးတတ်ပါတယ်။ နှစ်ယောက်လုံးက ကြံခိုင်မှုအားကောင်းပေမယ့် ပြေးအားမှာတော့ ထင်သလောက် မမြန်ပါဘူး။ ဒါဟာ ဒီယက်ဇ်တွင် လီဗာပူး လိုအပ်နေတဲ့ အားသာချက် ရှိနေတာလည်း ဖြစ်ပါတယ်။
တောင်ပံခြမ်းမှာ လိုအပ်ချက်တွေ များလို့ဖာမီနိုကိုတောင် ကလော့ပ်အနေနဲ့ဘယ်ခြမ်းတောင်ပံတွင် ထားသုံးခဲ့ဖူးပါတယ်။ ခုတော့ လီဗာပူးရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ ရွေးချယ်စရာတွေ များလာခဲ့ပါပြီ။ကလော့ပ်အနေနဲ့လည်း မာနေးကို ညာခြမ်းမှာထားမလား ဘယ်ခြမ်းမှာထားမလား စိတ်အေးစွာ ဗျူဟာအရ သုံးနိုင်ပါတယ်။ လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဂျိုတာ၊ ဆာလက်၊ ဖာမီနို ၄ယောက်စလုံးဟာ နေရာစုံမှာ ကစားနိုင်တာကိုက အားသာချက်တစ်ခု ဖြစ်နေပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီယက်ဇ်သာ ဒဏ်ရာကင်းစင်ခဲ့ရင် ကြံခိုင်မှု ကောင်းခဲ့ရင် ချက်ချင်းအသင်းရဲ့ ကစားဟန်မှာ လိုက်လျောညီထွေ ဖြစ်ခဲ့ရင် လီဗာပူးရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ လူထပ်ခေါ်စရာ မလိုအပ်လောက်တဲ့အထိ လာမယ့်နှစ်များအတွင်းမှာ အင်အားလျော့နည်းသွားဖို့ရှိနိုင်မှာ မဟုတ်ပါဘူး။