The network connection is lost.

Banner Image

နယူးကာဆယ်ဘက်က ပေါင်သန်း ၁၅၀ တန်ကြေးသတ်မှတ်တဲ့အပေါ် တုံ့ပြန်လာတဲ့ အီဆက်

အာဆင်နယ် ၊ လီဗာပူးတို့က ချိတ်ဆက်နေတဲ့အပေါ် နယူးကာဆယ်အသင်းဘက်က မိမိကိုတန်ကြေးပေါင်သန်း ၁၅၀ သတ်မှတ်တာဟာ မများလွန်းဘူးလို့ အီဆက်က ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး နယူးကာဆယ်အတွက် ၁၇ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အီဆက်ဟာ ၁ ဂိုးထပ်သွင်းနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

အီဆက်ဟာ အဆိုပါပွဲမှာ ၂ ဂိုးရခဲ့ပေမယ့် ဒုတိယဂိုးမှာ လူကျွံနေခဲ့တာကြောင့် ၁ ဂိုးသာရရှိခဲ့ပါတယ်။ နယူးကာဆယ်အတွက် အခုအိုးထရက်ဖို့ဒ်နိုင်ပွဲဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ကိုနိုင်ပွဲနဲ့ နှုတ်ဆက်ရတဲ့အတွက် အီဆက်ကပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

“တကယ်ခံစားချက်ကောင်းပါပဲ။ ဒီမှာ အနိုင်မရတာ တော်တော်လေးကြာနေပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြနိုင်ခဲ့ပါတယ်။ 
နှစ်ဟောင်းကို အနိုင်ရလဒ်နဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားထုတ်မှုအပိုင်းက တကယ်ကောင်းခဲ့ပါတယ်။ ကျွန်တော် ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့သလို ဖိအားပေးတာတွေအပြင် တန်ပြန်ကနေလည်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲ့တာက စိန်ခေါ်မှုတစ်ခုပါ။ ပြီးတော့ အခုလိုမျိုး အားထုတ်မှုမျိုး အိမ်ကွင်းမှာလည်း ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ တကယ်ကောင်းခဲ့ပါတယ်။ အဲ့ကနေ ၂ ဂိုးရခဲ့ပြီး ကျွန်တော်တို့ ဒီထက်ပိုသွင်းနိုင်ခဲ့သင့်တာပါ။

ဒီနိုင်ပွဲကနေ ကျွန်တော်တို့ ပိုယုံကြည်မှုရစေမှာပါ။ ကျွန်တော် နောက်ပိုင်းမှာ ပိုကောင်းလာပါတယ်။ အဝေးကွင်းမှာလာကစားရတာတောင် ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အခုလိုမျိုးတူညီတဲ့အခြေအနေမျိုးတစ်ရာသီလုံးလုပ်နိုင်ဖို့ဆိုတာက စိန်ခေါ်မှုတစ်ခုပါ။ ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အိမ်ကွင်းကော အဝေးကွင်းမှာပါ ကျွန်တော်တို့ တည်ငြိမ်ခဲ့ပါတယ်”လို့ အီဆက်က ဖြေကြားခဲ့ပါတယ်။

အီဆက်ကို အာဆင်နယ်အပြင် လီဗာပူးအသင်းက စောင့်ကြည့်နေပြီး လာမယ့်ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါအနေအထားနဲ့ပတ်သက်ပြီး အီဆက်က  “နိုး တန်ကြေးက ကျွန်တော့်အတွက် အရမ်းမများပါဘူး။ အဲ့ထက်တောင် ပိုသင့်တယ်လို့ လူတွေကပြောနေကြပါတယ်။ အခုက ရာသီအလယ်ကြီးမှာပါ။ ကျွန်တော် ဒီမှာ အဆင်ပြေနေသလို ဒီအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အခုလက်ရှိအနေအထားကို ကျွန်တော် တကယ်ပျော်ပါတယ်။ ပြီးတော့ ကျွန်တော်ကွင်းအတွင်းကိုပဲ အာရုံစိုက်ထားပါတယ်”လို့ အီဆက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။