The network connection is lost.

Banner Image

အံ့အားသင့်စရာ ရာသီဝက်ခရီးစဉ်အပြီး ဆုဖလားလေးလုံးအောင်မြင်မှုရရှိဖို့ မျှော်လင့်နေတဲ့ ဆီမီကတ်စ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ကို လီဗာပူးကစားသမားဘ၀ ရာပြည့်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တဲ့ နောက်ခံလူဆီမီကတ်စ်က  အခုဘောလုံးရာသီမှာ ဆုဖလားအားလုံးကို တက်နိုင်သမျှ သိမ်းပိုက်သွားဖို့ ရည်မှန်းနေပါတယ်။ လန်ဒန်ဘောလုံးကွင်းကြီးအတွင်း ကြိုးကြာနီတွေရဲ့ငါးဂိုးပြတ်နိုင်ပွဲမှာ ရော်ဘတ်ဆန်အစား လူစားဝင်လာခဲ့တဲ့ ဆီမီကတ်စ်က နိုဝင်ဘာလအတွင်း ခြေကျင်းဝတ်ဒဏ်ရာရရှိပြီးနောက်ပိုင်း ဒုတိယမြောက်ပွဲစဉ်ကို ပါဝင်ကစားခဲ့ပါတယ်။

မာဆေးဆိုဒ်ဒေသမှာ ဂရိလက်ရွေးစင်ကစားသမားက ရော်ဘတ်ဆန်ရဲ့အရန်လူအဖြစ်သာ မကြာခဏရှိနေခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ အိုလံပီယာကို့စ်မှ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးကစားသမားဘဝရာပြည့်ပွဲစဉ် ကစားထားနိုင်တဲ့ ဆီမီကတ်စ်က ဒီကာလတလျှောက် အသင်းအတွက် ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ထားနိုင်ပေမယ့် သွင်းဂိုးတော့ မရရှိသေးပါဘူး။

အန်ဖီးလ်မှာ ဆုဖလားသုံးခုအထိ အနိုင်ရရှိပြီးနောက် ဆီမီကတ်စ်က ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အမှတ်ပေးဇယားဦးဆောင်အသင်းဖြစ်တဲ့ လီဗာပူးနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေ ဆွတ်ခူးသွားဖို့ ဆန္ဒရှိနေပါတယ်။ ဆီမီကတ်စ်က “ကျွန်တော်က အရာရာတိုင်းကို အနိုင်ယူချင်နေတယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ဒီအသင်းကလည်း အရာရာတိုင်းကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ရှေ့မှာစောင့်ကြိုနေတဲ့ပြိုင်ပွဲတိုင်းက ရှင်းရှင်းလင်းလင်းရှိနေပါတယ်။

ရှေ့မှာစောင့်ကြိုနေတဲ့ ပွဲစဉ်တိုင်းကို အနိုင်ယူဖို့၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားရပါမယ်။ ရာသီစတင်လာချိန်ကတည်းက ကျွန်တော်တို့တွေ ရည်မှန်းချက်ချမှတ်ခဲ့ပြီး ဒီအတိုင်း အတိအကျလုပ်ပြဖို့ဆိုတာ ကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ပြီးရင် ကမ္ဘာကြီးကို ကျွန်တော်တို့ဟာ ကစားသမားကောင်းတွေဖြစ်တယ်၊ မယုံကြည်နိုင်လောက်အောင် ဘောလုံးကို ကစားနိုင်တယ်၊ ပွဲတိုင်းကို အနိုင်ယူတယ်ဆိုတာ ပြသပေးရပါမယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဆီမီကတ်စ်က အခုဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ မိုဆာလက်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ မိုဆာလက်က ၈ ရာသီဆက် ဂိုး ၂၀ သွင်းယူနိုင်တဲ့ ပထမဆုံးလီဗာပူးကစားသမား ဖြစ်လာသလို ပွဲစဉ်ရှစ်ခုမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါရယူနိုင်တဲ့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးကစားသမားဆိုတဲ့စံချိန်ကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။

အီဂျစ်သားက ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲစုံဂိုးပါဝင်ပတ်သက်မှု ၅၂ ကြိမ်(သွင်းဂိုး ၂၉ ဂိုး၊ ဂိုးဖန်တီးမှု ၂၃ ကြိမ်) နဲ့အတူ ဥရောပထိပ်တန်းလိဂ်ငါးခုရှိ ဘယ်ကစားသမားထက်မဆို သာလွန်နေတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဆီမီကတ်စ်က “ပရီးမီးယားလိဂ်မှာရော၊ အခြားပြိုင်ပွဲတွေမှာပါ သူရဲ့ဆာလောင်မှုတွေ ပိုပြီးပြင်းထန်လာတာကို မြင်တွေ့နေရပါတယ်။

ကျွန်တော့်အထင် မိုဆာလက်က အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်တယ်ဆိုတဲ့အချက်ကို လူတိုင်းဆီ ပြသချင်နေသလိုပါပဲ။ ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပါ။ ဘောလုံးကွင်းအတွင်းမှာ သူလုပ်နေတဲ့အရာတွေက မယုံကြည်နိုင်စရာပါ။ ပွဲစဉ်တိုင်းမှာ သူလုပ်ပြနေတဲ့ ကိန်းဂဏန်းအရေအတွက်တွေ၊ အထူးသဖြင့် လေ့ကျင့်ရေးကွင်းမှာ သူလုပ်နေတဲ့အလုပ်တွေအားလုံးက အံ့မခန်းစရာတွေပဲ ဖြစ်ပါတယ်။ မိုဆာလက်က အရာရာတိုင်းနဲ့ ထိုက်တန်ပါတယ်။ သူ့အတွက် တကယ့်ကိုပျော်ရွှင်မိပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးက ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အန်ဖီးလ်မှာ ဧည့်ခံကစားရဖို့ရှိနေပြီး ရူဘင်အာမိုရင်ရဲ့အသင်းကို ဒုက္ခပေးနိုင်ဖို့ မိုဆာလက်ကိုယ်တိုင်လည်း မျှော်လင့်နေပါလိမ့်မယ်။ သူက သရဲနီတွေနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်ထားပြီး ဒါက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်ကစားသမားမှမစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။