လက်ရှိစီးရီးအေမှာအကောင်းဆုံးတိုက်စစ်မှူးက သူရမ်ဖြစ်တယ်လို့ဆိုလာတဲ့ တိုနီ
အီတလီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုဆွတ်ခူးခဲ့ဖူးတဲ့ ကစားသမားဟောင်း လူကာတိုနီက လက်ရှိစီးရီးအေရဲ့အကောင်းဆုံးတိုက်စစ်မှူးဟာ လော်တာရိုမာတီနက်ဇ်မဟုတ်ဘဲ မားကပ်စ်သူရမ်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ သူရမ်ဟာ အင်တာမီလန်မှာတော့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ရဲ့အရန်ကစားသမားအဖြစ်သာ မကြာခဏပါဝင်ထားရပေမယ့် ဒီရာသီမှာအသင်းအတွက် ပြိုင်ပွဲစုံ ၃ ဂိုးအထိသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။
ယခုအခါမှာ တိုနီက "စီးရီးအေမှာ ကျွန်တော့်အတွက်အကောင်းဆုံးတိုက်စစ်မှူးကတော့ မားကပ်စ်သူရမ်ပါ။ လော်တာရိုမာတီနက်ဇ်ရဲ့ ဘောလုံးအပေါ်စိတ်ဓာတ်ပြင်းထန်မှုနဲ့ ခြေစွမ်းတွေကိုသဘောကျပေမယ့် သူရမ်ကိုပိုကြိုက်ပါတယ်။ မာတီနက်ဇ်က စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာတော့မှန်ပါတယ်"
"သူရမ်က အခုချိန်မှာ ဖွံ့ဖြိုးတိုးတက်ပြီးသား ကစားသမားတစ်ယောက်ပါ။ ဂိုးဧရိယာထဲမှာ အရမ်းအန္တရာယ်များပြီး ခေါင်းတိုက်စွမ်းရည်လည်းပြည့်ဝတဲ့ စစ်မှန်တဲ့ဗဟိုတိုက်စစ်မှူးတစ်ယောက်ပါ။ ဒီနှစ်မှာသူ့ရဲ့ခြေစွမ်းက ပိုပြီးတော့ကောင်းလာပါတယ်။ အင်တာမီလန်ကတော့ လိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူး ၂ ဦးကို ပိုင်ဆိုင်ထားတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ အင်တာမီလန်အနေနဲ့ ဆုဖလားတွေသိမ်းပိုက်နိုင်မလားဆိုတဲ့မေးခွန်းကို တိုနီက "ဒါက ချန်ပီယံလိဂ်မှာဘာတွေဖြစ်လာမလဲဆိုတဲ့အပေါ် အများကြီးမူတည်နေပါတယ်။ အင်တာမီလန်က ဟာကွက်တွေချန်ထားနိုင်တဲ့အသင်းပါ။ ဒါပေမယ့် သူတို့ဥရောပမှာအာရုံစိုက်နေမယ်ဆိုရင် ပြည်တွင်းမှာတော့ လက်ရှိအရှိန်အဟုန်ကိုထိန်းသိမ်းဖို့ ခက်ခဲပါလိမ့်မယ်" လို့ဖြေကြားခဲ့ပါတယ်။
ရိုးမားနဲ့ပတ်သက်ပြီးတော့လည်း တိုနီက "ရိုးမားကတော့ အင်တာမီလန်အပေါ်မူတည်ပြီးအခွင့်အရေးတွေရှိလာနိုင်ပါတယ်။ အင်တာမီလန်သာတစ်ခုခုအားနည်းသွားရင် ရိုးမားက အခွင့်အရေးရသွားနိုင်ပါတယ်။ ဇန်နဝါရီမှာဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။