The network connection is lost.

Banner Image

ဘယ်လင်ဟမ်ရဲ့ပြိုင်ဆိုင်လိုစိတ်က အင်္ဂလန်အတွက် ကမ္ဘာ့ဖလားအောင်မြင်မှုရစေရှိဖို့အတွက် အကူအညီပေးနိုင်ကြောင်း တူချယ်လ်ပြော

အင်္ဂလန်လက်ရွေးစင်နည်းပြသောမတ်စ်တူချယ်လ်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ရဲ့နေရာအတွက်ပြိုင်ဆိုင်လိုစိတ်က အသင်းအတွက် ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိစေဖို့ အကူအညီပေးလာနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

တူချယ်လ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခဲ့ပေမယ့် ယခုတစ်ခေါက် ဆားဘီးယား၊ အယ်လ်ဘေးနီယားတို့နဲ့ယှဉ်ပြိုင်သွားရမယ့် နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းမှာတော့ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

တူချယ်လ်အနေနဲ့ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေအတွင်းမှာ ဘယ်လင်ဟမ်ကိုချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အခြားကစားသမားတွေကို နေရာပေးလိုသောကြောင့်ဖြစ်တယ်လို့ အကြောင်းပြခဲ့ပေမယ့် မီဒီယာတွေနဲ့ သတင်းဌာနတွေကတော့ တူချယ်လ်နဲ့ ဘယ်လင်ဟမ်တို့အကြား ဆက်ဆံရေးနဲ့ ကစားသမားရဲ့အရည်အသွေးအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ 
ယခုအခါမှာ မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ကိုလည်း ပြန်လည်ရွေးချယ်ထားခဲ့တဲ့ တူချယ်လ်က "ကျွန်တော်ဘယ်ကစားသမားတွေကို အသင်းမှာထည့်သွင်းမယ်ဆိုတာ အချိန်ယူပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘယ်လင်ဟမ်အနေနဲ့လည်း ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်"

"သူက ဘောလုံးလောကရဲ့အမြင့်ဆုံးအဆင့်အတန်းမှာ ပါဝင်ဖို့ထိုက်တန်တယ်ဆိုတာ အခုတော့ သက်သေပြသခဲ့ပါပြီ။ ကျွန်တော်နဲ့သူ့နဲ့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ သူရဲ့ အကျင့်စရိုက်ကိုလည်း ကျွန်တော်သဘောကျပါတယ်"

"သူ့မှာ ပြိုင်ဆိုင်လိုစိတ်က အရမ်းကြီးမားပါတယ်။ ဒါက ကောင်းတဲ့အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေက အမြင့်ကို ဆက်တက်နိုင်ဖို့အတွက် ပြိုင်ဆိုင်လိုစိတ်ရှိနေဖို့လိုပါတယ်။ သူ့ကြောင့် အသင်းရဲ့ကစားသမားတွေအတွက်လည်း ပြိုင်ဆိုင်လိုစိတ်တွေပိုဖြစ်လာစေပြီး ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်" 

"အခု ဖိုဒန်နဲ့ ဘယ်လင်ဟမ်တို့ အသင်းကိုပြန်ရောက်လာပါပြီ။ ကျွန်တော်ပေးချင်တဲ့မက်ဆေ့ကတော့ ဒီပုံစံအတိုင်း ရှေ့ဆက်ဖို့ပါပဲ။ ကျွန်တော်တို့ တစ်စုံတစ်ခုကို တည်ဆောက်နေပါပြီ။ သူတို့အသင်းကို ပြန်ရောက်လာတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဖိုဒန်နဲ့ ဘယ်လင်ဟမ်တို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၁၀ အတွက် တိုက်ပွဲဝင်သွားရမှာဖြစ်ပြီးဘယ်ကစားသမားက နံပါတ် ၁၀ ကိုဝတ်ဆင်ခွင့်ရမယ်ဆိုတာ အခုချိန်အထိ မသိရှိရသေးပါဘူး။  ဆက်လက်ပြီး ဂျာမန်သားနည်းပြက "ကျွန်တော့်အနေနဲ့ ဖိုဒန်ကို ကွင်းလယ်မှာ သူ့အတွက်နေရာမရှိကြောင်း တောင်ပံထွက်ကစားစေလိုကြောင်း ပြောဖို့ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အသင်းကို စနစ်တကျတည်ဆောက်နေပါတယ်။ ကစားသမားတွေကလည်း သူတို့အကျွမ်းကျင်ဆုံးနေရာတွေမှာ ကစားနိုင်ဖို့ ပြိုင်ဆိုင်နေကြပါတယ်။ 

ဒီတစ်ခေါက်မှာတော့ ဖိုဒန်က နံပါတ် ၉ ဒါမှမဟုတ် နံပါတ် ၁၀ နေရာမှာ ရှိနေမှာပါ။ ဘာကြောင့်လဲဆို‌တော့ ဒီနေရာတွေက သူ့အတွက် အသင့်တော်ဆုံးဖြစ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။