
လာလီဂါအဖွင့်ပွဲအရေးနိမ့်ခဲ့ပြီးနောက် နည်းစနစ်ပိုင်းအမှားရှိခဲ့ကြောင်း ဝန်ခံပြောကြားလာတဲ့ ဆီမြွန်နီ
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက လာလီဂါအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းစနစ်ပိုင်းအမှားရှိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အက်စ်ပန်ညိုအသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆီမြွန်နီက နည်းစနစ်ပိုင်းအမှားရှိခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့တာဖြစ်ပါတယ်။
အေအက်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ ဆီမြွန်နီက အဓိကကစားသမားတွေဖြစ်တဲ့ အယ်လ်မာဒါ ၊ ဘေနာ နဲ့ အယ်လ်ဗာရက်ဇ်တို့ကို လူစားလဲခဲ့တာက အမှားလို့ဆိုလိုက်ပါတယ်။ အဆိုပါလူစားဝင်ကစားသမားတွေဟာ အသင်းဘက် ၁-၀ ဖြစ်နေချိန် နဲ့ ၁-၁ ဖြစ်နေချိန်မှာ ဝင်လာခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အက်စ်ပန်ညိုက အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။
အခုအပြောင်းအရွှေ့မှာ ကောင်းမွန်တဲ့ခေါ်ယူမှုတွေမလုပ်နိုင်ခဲ့တာကြောင့် တီကိုဟာ ရာသီအစမှာတင် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ကစားသမားသစ်တွေအဖြစ် ရက်စ်ပါဒိုရီ ၊ အယ်လ်မာဒါ ၊ ရူဂါရီ ၊ ပေါဘေလ် ၊ မော်ရင်နိုတို့ကိုခေါ်ယူထားခဲ့ပေမယ့်လည်း လိဂ်အဖွင့်ပွဲမှာ ဆီမြွန်နီလက်အောက် ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဆီမြွန်နီက “ကျွန်တော်တို့ ပွဲကိုအရေးနိမ့်ခဲ့ပါတယ်။ ပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ရလဒ်က ကျွန်တော်တို့ကို နာကျင်စေပါတယ်။ ဒါပေမယ့် ကျွန်တော်ရာသီအစမှာတင် အရမ်းကောင်းတဲ့အရာတွေမြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပိုအကျိုးသက်ရောက်မှုဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဂျူလီယန်တစ်ယောက် အခွင့်အရေးရခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ဘောလုံးက အံ့သြဖို့ကောင်းပါတယ်။ သူတို့က တည်ကန်ဘောကနေဂိုးရခဲ့သလို ၁-၁ နဲ့ အဆုံးသတ်မှာ ၂-၁ နဲ့ ကျွန်တော်တို့ အမှတ်ဗလာသာရခဲ့ပါတယ်။ လူစားလဲမှုနဲ့ပတ်သက်ပြီး ကျွန်တော်သင်ခန်းစာရလိုက်ပါတယ်။ ခင်ဗျားအဲ့တာကို မြင်မှာပါ”လို့ ဆီမြွန်နီက ဖြေကြားခဲ့ပါတယ်။
တီကိုအနေနဲ့ လာမယ့်စနေနေ့ အိမ်ကွင်းပွဲအဖြစ် အယ်လ်ချီနဲ့ပွဲမှာ ပြန်လည်အနိုင်ရအောင်လုပ်ဆောင်ရမှာဖြစ်ပြီး အဲ့နောက် သြဂုတ်လ ၃၀ ရက်နေ့မှာ အလာဗက်စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။