
လီဗာပူးကိုစွန့်ခွာပြီး လေဗာကူဆင်သို့ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းပြချက်ကို ရှင်းပြလာတဲ့ ကွမ်ဆာ
လီဗာပူးကိုစွန့်ခွာပြီး လေဗာကူဆင်နဲ့လက်တွဲခဲ့တဲ့ နောက်ခံလူ ဂျာရဲလ်ကွမ်ဆာက သူ့အနေနဲ့ ဘာကြောင့် ဂျာမန်ကလပ်ကိုပြောင်းရွှေ့ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ လေဗာကူဆင်ဟာ ကွမ်ဆာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ခေါ်ယူလိုက်ကြောင်း ကြေညာလာခဲ့ပြီး ကစားသမားကို ၂၀၃၀ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုထားပါတယ်။ စာချုပ်ပါသဘောတူညီချက်အရ လေဗာကူဆင်ဟာ ကစားသမားအတွက်အပိုဆုကြေးကိုတော့ ယူရို ၁၀ သန်းအထိ ပေးချေသွားရမယ်လို့သိရပါတယ်။
မကြာသေးမီက အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ ယူရိုချန်ပီယံဆုဖလားကိုဆွတ်ခူးအောင်မြင်ထားတဲ့ ကွမ်ဆာက သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း လေဗာကူဆင်နဲ့ထိပ်တိုက်တွေ့ဆုံစဉ်မှာ ဂျာမန်ကလပ်ကို အတော်လေးအထင်ကြီးခဲ့မိကြောင်းနဲ့ နည်းပြသစ် အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ အသင်းကိုပြန်လည်ကူညီတည်ဆောက်ပေးလိုတာကြောင့် အခုလိုလက်တွဲဖြစ်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ကွမ်ဆာဟာ လေဗာကူဆင်မှာ ကျောနံပါတ် ၄ အင်္ကျီကိုဝတ်ဆင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကစားသမားဟာ လီဗာပူးအတွက် ၂၅ ပွဲပါဝင်ကစားပေးခဲ့ပါတယ်။ လီဗာပူးရဲ့ ခံစစ်ကြောင်းမှာ ပုံစံကောင်းပြသခဲ့တဲ့ ကွမ်ဆာကို ယခုနွေရာသီအတွင်း ဥရောပထိပ်သီးကလပ်တွေက စောင့်ကြည့်နေကြပေမယ့် လေဗာကူဆင်က လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါမှာ အသက်-၂၂ နှစ်အရွယ်ကစားသမားက "ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လေဗာကူဆင်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တော့ သူတို့ကိုကျွန်တော်အတော်လေးအထင်ကြီးခဲ့မိပါတယ်။ အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး အန်ဖီးလ်မှာလာကစားတဲ့ အခြားအသင်းတွေနဲ့ လုံးဝမတူပါဘူး။ ပြီးတော့ ဆွေးနွေးမှုပြုလုပ်တုန်းက ကျွန်တော်ကြားခဲ့ရတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေကလည်း အတော်လေးရှင်းလင်းပါတယ်။ နည်းပြအသစ်နဲ့ပြန်လည်တည်ဆောက်သွားမယ့် လေဗာကူဆင်မှာ အဓိကအခန်းကဏ္ဍကနေပါဝင်သွားရမယ်ဆိုတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုကြီးမားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုဇူလိုင်လအတွင်း လေဗာကူဆင်ဟာ ရာသီကြိုခရီးစဉ်အဖြစ် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုသို့ထွက်ခွာသွားမှာဖြစ်ပြီး ၁၄ ရက်နေ့မှာ ၂၇ ရက်နေ့အထိ စုစုပေါင်း ၁၃ ရက် ကြာမြင့်သွားမယ်လို့သိရပါတယ်။ အဆိုပါခရီးစဉ်အရ လေဗာကူဆင်ဟာ တောင်အမေရိကသို့ ရာသီကြိုခရီးထွက်ခွာတဲ့ ပထမဆုံးဘွန်ဒက်စ်လီဂါအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။