ဗယ်လင်တိုင်းဒေးမှာ အချစ်တွေပိုခဲ့ကြတဲ့ ရော်နယ်ဒိုတို့ စုံတွဲ
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတော့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။ ဒီထဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုလည်း မလွတ်ခဲ့ပါဘူး။ ရော်နယ်ဒိုဟာ ဗယ်လင်တိုင်းဒေးမှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို ကြီးမားတဲ့ နှင်းဆီပန်းစည်း လက်ဆောင်ပေးခဲ့ပြီး ဂျော်ဂျီနာ အနေနဲ့ ဗယ်လင်တိုင်းဒေး အမှတ်တရအဖြစ် ကတ်အများကြီးရခဲ့ရာမှာ ကလေးတွေက ချစ်မြတ်နိုးလို့ ပေးတဲ့ကတ်တွေလည်း ပါဝင်ပါတယ်။
ရော်နယ်ဒိုက ''ပျော်စရာချစ်သူများနေ့ဖြစ်ပါစေ အချစ်လေး''ဆိုတဲ့ စာနဲ့အတူ သူ့ရဲ့အင်စတာဂရမ်မှာ ဂျော်ဂျီနာနဲ့ အကြင်နာပေးနေတဲ့ဓာတ်ပုံကို တင်ခဲ့ပါတယ်။ ဂျော်ဂျီနာကလည်း သူ့ရဲ့လူမှုမီဒီယာကနေ ယူနိုက်တက်ကြယ်ပွင့် ရော်နယ်ဒိုကို ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတဲ့အကြောင်း တင်ခဲ့ပြီး သူနဲ့ ရော်နယ်ဒိုတို့ရဲ့ဓာတ်ပုံတွေအများအပြား တင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် လက်တွဲလာတာ ၅နှစ် ကျော်ကြာနေပြီဖြစ်ပြီ; မကြာသေးခင်က ရော်နယ်ဒိုရဲ့ အသက် ၃၇ နှစ်ပြည့်မွေးနေ့မှာလည်း နှစ်ယောက်သား ညစာစားရင်း ချစ်ကြည်နူးခဲ့ကြပါတယ်။
သူတို့နှစ်ယောက်အတွက်တော့ လက်ရှိအချိန်မှာ အလုပ်များနေပြီး ဂျော်ဂျီနာက သူ့ရဲ့ I am Georgina ဆိုတဲ့ မှတ်တမ်းကို Netflix ကနေ ပြီးခဲ့တဲ့လအတွင်း ဖြန့်ချိထားပါတယ်။ ရော်နယ်ဒိုက အဲဒီ documentary ထဲမှာ သူ့အနေနဲ့ ဂျော်ဂျီနာကို လက်ထပ်မှာ သေချာတယ်လို့ ပြောထားပေမယ့် ဗယ်လင်တိုင်းဒေးမှာတော့ အဲဒီမေးခွန်းတွေကို ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ရော်နယ်ဒို အနေနဲ့ လက်ရှိ ဂျော်ဂျီနာ လွယ်ထားတဲ့ အမြွာကလေးလေးတွေ အောက်တိုဘာလအတွင်း မွေးဖွားပြီးချိန်မှသာ ဂျော်ဂျီနာနဲ့ လက်ထပ်ပွဲဆင်နွှဲဖွယ်ရှိနေပါတယ်။