
ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံးစွမ်းဆောင်ရည်လို့ ထုတ်ပြောလာတဲ့ အလီဆင်
ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းက သူ့ဘဝရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ လီဗာပူးဂိုးသမားအလီဆင်က အခိုင်အမာပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် ပါရီမြေမှာ လီဗာပူးက အယ်လီယော့ရဲ့သွင်းဂိုးနဲ့ အံ့အားသင့်စရာနိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲစဉ်အတွက် အငြင်းပွားဖွယ်မရှိ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အလီဆင်ဘက်ကာက ပြင်းထန်တဲ့ဖိအားတွေအောက် အသင်းဖော်တွေ ရောက်ရှိနေချိန် ကြိုးကြာနီတွေရဲ့ Clean Sheet ကို ထိန်းသိမ်းနိုင်ဖို့ ဂိုးပေါက်ကာကွယ်မှုကိုးကြိမ်တိုင် အံ့မခန်းပြုလုပ်သွားခဲ့ပါတယ်။ ဒါက သူ့ရဲ့လီဗာပူးဂိုးသမားဘဝသက်တမ်းတလျှောက် ပွဲစဉ်တစ်ခုအတွင်း ဂိုးပေါက်ကာကွယ်မှုအများဆုံးအခိုက်အတန့်လည်း ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့တွေက အန်ဖီးလ်ကွင်းဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ကို အနည်းငယ်အသာစီးရယူထားနိုင်ခဲ့ပါတယ်။
အခုပွဲစဉ်တလျှောက်လုံး ပီအက်စ်ဂျီက ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်ပြုလုပ်ခဲ့ပြီး လီဗာပူးကတော့ နှစ်ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လတ်တလောမှာ အလီဆင်က လီဗာပူးအသင်းအနေဖြင့် မိနစ် ၉၀ ပြည့် ဒုက္ခခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပေမယ့် အခုလောက်ကောင်းမွန်တဲ့ဂိုးပေါက်ကာကွယ်မှုမျိုးတွေကို ကစားသမားဘဝမှာ မလုပ်ဆောင်ခဲ့ဖူးဘူးလို့ ရှင်းပြခဲ့ပါတယ်။
TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အလီဆင်က “ ကျွန်တော့်ဘဝရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တောင် ဖြစ်သွားနိုင်ပါတယ်။ နည်းပြကလည်း ကျွန်တော်တို့ကို ပီအက်စ်ဂျီနဲ့ရင်ဆိုင်ကစားရတာ ဘယ်လောက်အထိ ခက်ခဲသလဲ၊ ဘောလုံးပိုင်ဆိုင်ထားချိန် သူတို့အသင်း ဘယ်လောက်အထိကောင်းကောင်းကစားနိုင်သလဲ ဆိုတာတွေကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ခံနိုင်ရည်အပြည့်နဲ့အသင့်ရှိနေရမယ်ဆိုတာကို နည်းပြက ရှင်းပြခဲ့ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြိုသိနေခဲ့ပါတယ်။
ကျွန်တော်တို့လည်း ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့တာပါ။ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို အခွင့်အရေး အများကြီးပေးခဲ့ရပါတယ်။ တခါတလေ တစ်ဦးချင်းထိပ်တိုက်တွေ့တဲ့အခိုက်အတန့်မျိုးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဦးတည်ချက်ဆီရောက်ရှိနိုင်ရေးအတွက် အဓိကအစိတ်အပိုင်းက ကစားသမားအတွက် အခွင့်အရေးပိုပေးနိုင်မယ့်သူတစ်ဦးဦး ရှိနေခြင်းပဲ ဖြစ်ပါတယ်။
အသင်းလိုက်ကြိုးစားအားထုတ်မှုတွေကလည်း ကျွန်တော့်ရဲ့အလုပ်ကို ပိုပြီးလွယ်ကူစေပါတယ်။ အဆုံးမှာတော့ အီလီယော့ဝင်လာပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တကယ့်ကိုကောင်းမွန်လွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ညလေးတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေမှုကို ဆက်လက်တိုးမြှင့်နိုင်ဖို့အတွက် လီဗာပူးအသင်းက အခုသီတင်းပတ်ကုန်မှာ တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတဲ့ ဆောက်သမ်တန်ကို ဧည့်ခံကစားရပါမယ်။ ကြိုးကြာနီတွေက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၃ မှတ်တိတိ ဖြတ်ထားနိုင်ပါတယ်။ ဒီနောက်မှာ သူတို့တွေက လာမယ့်အင်္ဂါနေ့၊ အန်ဖီးလ်ကွင်းအတွင်း ပီအက်စ်ဂျီနဲ့ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။