The network connection is lost.

Banner Image

မိသားစုပေါင်မုန့်ဆိုင်မှာ ကူညီပေးခဲ့ရတဲ့ မန်စီးတီးကစားသမားသစ် မာသီးယက်စ်နူနက်စ်ရဲ့ ခရီးလမ်း

ဘရာဇီးနွယ်ဖွား မာသီးယက်စ်နူနက်စ်ရဲ့ တောက်ပလာမှုက သူ့ရဲ့မိသားစု မုန့်ဖုတ်လုပ်ငန်းမှ ထွက်ပေါ်လာတဲ့ ပေါင်မုန့်တွေလိုပဲ အထင်ကြီးစရာကောင်းပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံ မန်စီးတီးနဲ့ ဝုဗ်တို့အကြား ပေါင် ၄၇ သန်းတန် သဘောတူညီမှုတစ်ခုရရှိခဲ့ပြီးနောက် အသက်-၂၅ နှစ်အရွယ် နူနက်စ်ဟာ မန်ချက်စတာမြေဆီ ခရီးဆက်နိုင်ခဲ့ပါပြီ။ အခုသဘောတူညီမှုက စပို့တင်းလစ္စဘွန်းမှ ဝုဗ်ဆီ ပေါင် ၄၂ သန်းဖြင့် နူနက်စ်ရောက်ရှိလာပြီးနောက် တစ်နှစ်အကြာမှာပဲ ပေါ်ပေါက်လာခဲ့တာပါ။

ဒါပေမယ့် လွန်ခဲ့တဲ့လေးနှစ်တုန်းကတော့ လစ္စဘွန်းမြို့အနီးရှိ Pao da Vila ပေါင်မုန့်ဆိုင်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ နူနက်စ်ကို မြင်တွေ့ရပါလိမ့်မယ်။ အသက်-၁၃ နှစ်အရွယ်မှာပဲ နူနက်စ်က ပထွေး၊ မိခင်တို့နဲ့အတူ ပေါ်တူဂီနိုင်ငံဆီ ပြောင်းရွှေ့အခြေစိုက်ခဲ့တာပါ။ ဒီခရီးစဉ်ဟာ ရီယိုဒီဂျနေးရိုးမြို့ဖွား ဆယ်ကျော်သက်ဘောလုံးကြယ်ပွင့်အတွက် အမှတ်ရစရာ ခရီးလမ်းတစ်ခု ဖြစ်လာပါတယ်။

အစောပိုင်းနှစ်များ
-------------------
နူနက်စ်က ဘာစီလိုနာဂန္တဝင် ရော်နယ်ဒင်ဟိုကို ချစ်မြတ်နိုးတဲ့ ရီယိုဒီဂျနေးရိုးဒေသခံပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ပါတယ်။ နူနက်စ်ရဲ့ဖခင်ဖြစ်သူက သူ့ဘဝရဲ့အစိတ်အပိုင်းမဟုတ်သလို မိခင်ဖြစ်သူကာတီယာကပဲ သူ့ကို ကလေးဘဝမှစပြီး ပြုစုပျိုးထောင်ပေးခဲ့ရပါတယ်။

ပေါ်တူဂီပြည်တွင်းသတင်းစာ Record နဲ့ တွေ့ဆုံချိန် နူနက်စ်က “ကျွန်တော့်အမေက မရပ်မနားအလုပ်တွေ လုပ်နေခဲ့ပေမယ့် တခါတလေ ကျွန်တော်တို့မှာ စားစရာတောင် မရှိခဲ့ပါဘူး။ အမေကပဲ ကျွန်တော့်ကို ဘောလုံးအပေါ် ချစ်မြတ်နိုးလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူရဲကောင်းပါ။ အမေ့ကြောင့်ပဲ ကျွန်တော် ဘောလုံးကို ထိတွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဘောလုံးမရှိဘူးဆိုရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးက ခြေအိတ်တွေကိုလုံးထွေးပြီး ကစားတက်ပါတယ်”လို့ ပြောပါတယ်။

မိခင်ဖြစ်သူအနေဖြင့် သားဖြစ်သူဟာ လူဆိုး၊သူခိုး၊ မူးယစ်ဆေးဝါးသားကောင် မဖြစ်လာအောင် ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးထိန်းကျောင်းပြုပြင်ခဲ့သလဲဆိုတာ ဒီနေ့အထိ မသိနိုင်သေးဘူးလို့ ထုတ်ဖော်ပြောလေ့ရှိကြောင်း သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်လို့ နူနက်စ်က ရှင်းပြခဲ့ပါတယ်။

ပေါ်တူဂီသို့ ပြောင်းရွှေ့ခြင်း
----------------------------
ဘရာဇီးမှာ သူတို့အတွက် မျှော်လင့်စရာ ဘာမှမရှိတော့ချိန်မှာတော့ နူနက်စ်တို့ မိသားစုဟာ ပင်လယ်ရပ်ခြားရှိ ပေါ်တူဂီနိုင်ငံဆီ ဘဝသစ်တစ်ခုစတင်ဖို့ရာ ရွှေ့ပြောင်းလာခဲ့ပါတယ်။
သူတို့မိသားစုက Pao da Vila ပေါင်မုန့်ဆိုင်ကို ဖွင့််လှစ်ခဲ့ပြီး နူနက်စ်ကတော့ မိသားစုလုပ်ငန်းကို ဝိုင်းဝန်းကူညီပေးသလို ဘောလုံးသမားဖြစ်လိုတဲ့ဆန္ဒကိုလည်း ခိုင်မာအောင် ကြိုးပမ်းခဲ့ရပါတယ်။

Sporting TV နဲ့တွေ့ဆုံချိန် နူနက်စ်က “ကျွန်တော် ပေါင်မုန့်ဆိုင်မှာ ငါးလ၊ ခြောက်လလောက် လုပ်ကိုင်ခဲ့ရပါတယ်။ ကျွန်တော်က မနက်ဆို ပေါင်မုန့်ဆိုင်ဆီ လာရောက်ရပြီး ပွဲတွေကတော့ နေ့လည်ခင်းမှာကစားပါတယ်။ ဒါကြောင့် ကျွန်တော်က ငါးနာရီ၊ ခြောက်နာရီလောက် မတ်တပ်ရပ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လေ့ကျင့်ခန်းဆင်းဖို့ဆိုတာ လွယ်ကူလှတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင်မရှိလို့ မနက် ၅ နာရီလောက်ထပြီး စက်ဘီးနဲ့ အလုပ်သွားရပါတယ်”လို့ ပြောပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝအစ
-----------------------------------------
မိသားစုပေါင်မုန့်ဆိုင်မှာ ကူညီပေးရင်း ဘောလုံးပညာကို သင်ယူနေခဲ့တဲ့ နူနက်စ်ဟာ ပေါ်တူဂီအောက်တန်းလိဂ်တွေမှာ ကစားနိုင်ဖို့ ဒေသခံကလပ်အသင်းတစ်ခုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နူနက်စ်က သူ့အကြိုက်ဆုံးဘောလုံး Idol ဖြစ်တဲ့ ဘရာဇီးသားတစ်ဦးရဲ့ စံနမူနာယူစရာ အရည်အချင်းတွေကို လေ့လာခဲ့ပြန်ပါတယ်။

“ရော်နယ်ဒင်ဟိုက ကျွန်တော့်ရဲ့ Idol ပဲ။ ကျွန်တော် ငယ်ငယ်လေးကတည်းက သူ့ကို အတုယူနိုင်ဖို့ အမြဲကြိုးစားခဲ့ပြီး သူကစားပုံကိုလည်း အရမ်းနှစ်သက်ခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုက ဘာစီလိုနာမှာဆိုရင် ကျွန်တော် ဘာစီလိုနာကို ကြိုက်တယ်။ အေစီမီလန်မှာဆိုရင်လည်း ကျွန်တော် အေစီမီလန်ကို ကြိုက်ပါတယ်။ သူ ဖလာမင်ဂိုဆီ ပြောင်းရွှေ့သွားချိန်က ကျွန်တော့်အတွက်တော့ မယုံကြည်နိုင်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဖလာမင်ဂိုပရိသတ်လေ။ ကျွန်တော့်ဆီမှာ ရော်နယ်ဒင်ဟိုလိုမျိုး ကစားသမားတစ်ဦးဖြစ်လာဖို့ အတွေးစိတ်ကူးပုံရိပ်တွေ အမြဲတမ်းရှိနေခဲ့လို့ သူက ကျွန်တော့်ရဲ့ Idol ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဘောလုံးကင်းထောက်တွေရဲ့ အာရုံကျမှုကို ရရှိခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာပဲ ပေါ်တူဂီထိပ်တန်းလိဂ်ပြိုင်ပွဲဝင် အက်စ်တိုရယ်လ်က သူ့ကိုခေါ်ယူခဲ့ကာ ယူ-၂၃ အသင်းမှာ ကစားဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် နူနက်စ်က ဒီထက်ပိုကြီးမားတဲ့အဆင့်ဆီ တက်လှမ်းချင်တဲ့ဆန္ဒကို ဆက်လက်ထိန်းသိမ်းချင်နေလို့ သူနဲ့ အသင်းဖော်တွေအကြား ကွဲကွဲပြားပြားဖြစ်နေခဲ့ပါတယ်။

အက်စ်တိုရယ်လ်ကြယ်ပွင့်ဟောင်း မက်ကဲဟာက “နူနက်စ်ရဲ့အရည်အချင်းတွေကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် တိုးတက်မယ့်အခွင့်အလမ်းကြီးကြီးမားမားရှိတဲ့ ကစားသမားတစ်ဦးဆိုတာ မြင်တွေ့နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

စပို့တင်းလစ္စဘွန်းသို့ရောက်ရှိခြင်း
------------------------------------
အက်စ်တိုရယ်လ်ဆီ ပြောင်းရွှေ့လာပြီး ခြောက်လခန့်အကြာမှာပဲ နူနက်စ်ရဲ့ ကစားသမားအဆင့်အတန်းတွေက အလျှင်အမြန်ပဲ တိုးတက်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာတော့ စပို့တင်းလစ္စဘွန်းက လူငယ်လေးအတွက် ပြောင်းရွှေ့ကြေးပေါင်ငါးသိန်း ပေးချေကာ ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒီအချိန်မှစပြီး သူက ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ထင်ရှားလာကာ ယမန်နှစ်၊ နွေရာသီ ဝုဗ်သို့ မပြောင်းရွှေ့မီ ချဲလ်ဆီးရဲ့စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။ အံ့သြလောက်ဖွယ်ကောင်းတဲ့ ဘောလုံးအမြင်၊ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတာကြောင့် ဇာဗီလို ကစားသမားမျိုးလို့ လက်ရှိမှာ နူနက်စ်ရဲ့နည်းပြဖြစ်လာတော့မယ့် ပက်ဂွါဒီယိုလာကလည်း ချီးကျူးခဲ့ပါတယ်။


၂၀၂၂ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဧည့်သည်မန်စီးတီးက ငါးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အခုလိုအရေးနိမ့်ခဲ့ပေမယ့် ဒီပွဲစဉ်အတွင်း နူနက်စ်ရဲ့စွမ်းဆောင်ရည်ပိုင်းကို ပက်ဂွါဒီယိုလာတစ်ယောက် ကောင်းကောင်းနားလည်သိရှိသွားခဲ့ပြီး စပို့တင်းကွင်းလယ်လူကို ချီးကျူးပြောဆိုခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက “စပို့တင်းလစ္စဘွန်းက အသင်းကောင်းပါ။ ဘင်ဖီကာ၊ ပေါ်တိုတို့ ပါဝင်တဲ့ အရမ်းအားကောင်းတဲ့လိဂ်မှာ သူတို့က ပေါ်တူဂီချန်ပီယံဖြစ်ခဲ့ပါတယ်။ သူတို့က ဘောလုံးကို ကောင်းကောင်းပြောင်းလဲကစားနိုင်သလို မြန်ဆန်ထက်မြက်တဲ့ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ပြောရမယ်ဆိုရင် မာသီးယက်စ်နူနက်စ်ဟာ ဒီနေ့ကမ္ဘာမှာ အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ”လို့ ချီးကျူးခဲ့ပါတယ်။

ပက်ဂွါဒီယိုလာရဲ့ အခုလိုမျိုးယုံကြည်မှုတွေနဲ့အတူ နူနက်စ်ကလည်း အီတီဟတ်ကွင်းမှာ ကောင်းမွန်တဲ့ ဘောလုံးသမားဘဝတစ်ခုကို ထုဆစ်သွားနိုင်ပါတော့မယ်။ အလားတူ နူနက်စ်ရဲ့အမေကလည်း မန်ချက်စတာမြို့မှာ ပေါ်တူဂီဆန်ဆန်ကော်ဖီဆိုင်တစ်ခု ဖွင့်လှစ်ပြီး ပေါ်တူဂီရိုးရာပေါင်မုန့်တွေ ရောင်းချဖို့ စိတ်ကူးကောင်းစိတ်ကူးနေနိုင်ပါတယ်။