
အံ့အားသင့်စရာ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ် ယူ-၁၈ အသင်းမှ ၁၃ နှစ်အရွယ်ကွင်းလယ်ကစားသမားလေး
ဂန်းနားကစားသမားဟောင်း ဂျက်ခ်ဝီလ်ရှိုင်းယား ကိုင်တွယ်နေတဲ့ အာဆင်နယ် ယူ-၁၈ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ အသက်-၁၃ နှစ်အရွယ် မက်ဇ်ဒိုမန်ဟာ အံ့အားသင့်လောက်စရာ ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် အာဆင်နယ် ပရိသတ်တွေရဲ့ချီးကျူးပြောဆိုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
မကြာသေးမီနှစ်များအတွင်း မွေးထုတ်ထားနိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ပါရမီရှင်လူငယ်စာရင်းမှာ ဒိုမန်ဟာလည်း တစ်ဦးအပါအဝင်ဖြစ်လာနိုင်ပြီး ကစားသမားဟာ အသက်-၁၃ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ ဒိုမန်ဟာ စနေနေ့က ၎င်းထက် အသက် ၅ နှစ်မျှကြီးတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရသော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်အောင် ပုံစံကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ယူ-၁၈ ပွဲစဉ်မှာ အာဆင်နယ်က ဆောက်သမ်တန်ကို ၄-၀ နဲ့အနိုင်ရရှိခဲ့ပြီး သွင်းဂိုးတွေကို ချီဒိုအိုဘီမာတင်က ဟက်ထရစ်နဲ့ ဇီဆီဗစ်ဂျွန်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒိုမန်ဟာ အဆိုပါယူ-၁၈ အသင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၎င်းဟာ ၂၀၀၉ ဒီဇင်ဘာလမှာမွေးဖွားခဲ့တာကြောင့် ပုံမှန်အားဖြင့် အသက်-၁၅ နှစ်အောက် ပွဲစဉ်များမှာပါ ပါဝင်ခွင့်ရလေ့ရှိတာဖြစ်ပါတယ်။ အခွင့်အရေးကို အမိအရယူနိုင်ခဲ့တဲ့ ဒိုမန်ဟာ ပွဲအပြီးမှာတော့ နည်းပြ ဝီလ်ရှိုင်းယားရဲ့ ဆုချီးမြှင့်ခြင်းကိုခံခဲ့ရပြီး အလားအလာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဝီလ်ရှိုင်းယားက "အသင်းရဲ့အကယ်ဒမီတစ်ခုလုံးကို ခြုံကြည့်ပြီး ကစားသမားတွေကိုတိုးတက်စေဖို့ တွန်းအားပေးပါတယ်။ ပွဲဦးထွက်အခွင့်အရေးတွေကိုလည်း ပေါ့ပေါ့တန်တန်ပေးလေ့မရှိပါဘူး။ ဒိုမန်ကတော့ ဒီအခွင့်အရေးနဲ့ထိုက်တန်ကြောင်း ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ပြသခဲ့ပြီးပါပြီ။ ဒီလိုအခွင့်အရေးရရှိနိုင်မယ့် နောက်ထပ်ကစားသမားတွေလည်းရှိနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ADIDAS နဲ့စာချုပ်ချုပ်ပြီးသားဖြစ်တဲ့ ဒိုမန်ရဲ့ခြေစွမ်းဟာ အာဆင်နယ်ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေမြင့်တက်နေပြီး မှတ်ချက်ပေးမှုတွေလည်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေက"ပါရမီရှိတဲ့ လူငယ်လေးပဲ""အဲဒီအရွယ်တုန်းက ကျွန်တော်ဆိုရင် PSP ကစားနေတုန်းပဲရှိပါသေးတယ်" "Hale End က ပါရမီရှင်တွေကို အမြဲတမ်းမွေးထုတ်ပေးနိုင်တယ်" "လူငယ်တွေကို အခွင့်အရေးပေးတာ တိုင်းပြည်အတွက်အကောင်းဆုံးပါ။ ဒါပေမယ့် ဒါကတော့ ရူးသွပ်ချင်စရာကောင်းလောက်အောင်ကို ငယ်တာပဲ" "ကျွန်တော် ၁၃ နှစ်အရွယ်တုန်းကဆို Dragon Ball ကြည့်ပြီး ပန်းခြံထဲမှာ ကစားနေတုန်းပါ။ ဒီကောင်လေးကတော့ အာဆင်နယ် ယူ-၁၈ အသင်းအတွက် ပွဲဦးထွက်ကစားနေပါပြီ။ မယုံနိုင်စရာပါပဲ" "ဒါက ဖြစ်နိုင်ချေရှိပါ့မလား" စသည်ဖြင့် အသီးသီးမှတ်ချက်ပေးထားကြတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ စီနီယာအသင်းမှာလည်း အသက်-၁၈ နှစ်အောက်ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်က အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ လူငယ်ဂိုးသမား ရေမီမစ်ချဲ ကိုပွဲဦးထွက်ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အသက်-၁၅ နှစ်နဲ့ ၁၈၁ ရက်အရွယ်ရှိ အီသန်နွာနီရီကို ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလမှာ ပွဲထွက်ခွင့်ပေးခဲ့ဖူးတာဖြစ်ပါတယ်။