The network connection is lost.

Banner Image

နည်းပြဘဝထဲပြန်ဝင်ဖို့ ဂွါဒီယိုလာက သူ့ကိုလှုံ့ဆော်ပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ လမ်းပတ်

ချဲလ်ဆီးဂန္ထဝင် ဖရန့်ခ်လမ်းပတ်က ကိုဗင်ထရီရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး နည်းပြဘဝထဲပြန်လည်ဝင်ရောက်ဖို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ကို လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ကိုဗင်ထရီနဲ့အတူ ရလဒ်ကောင်းတွေဖော်ဆောင်နေတဲ့ လမ်းပတ်ဟာ အသင်းကို ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်ထားစေပြီး နောက်ရာသီ ပရီးမီးယားလိဂ်သို့တန်းတက်နိုင်မယ့်အခွင့်အရေးဆီ အရောက်လှမ်းဖို့ကြိုးစားနေပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်းက သူ့အနေနဲ့ ကိုဗင်ထရီရဲ့ကမ်းလှမ်းမှုကို လက်မခံခင်မှာ မန်စီးတီးသို့အလည်သွားခဲ့ပြီး ဂွါဒီယိုလာနဲ့တွေ့ဆုံကာ နည်းပြဘဝထဲသို့ပြန်လည်ဝင်ရောက်ဖို့ တွန်းအားယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကိုဗင်ထရီကို မကိုင်တွယ်မီမှာ လမ်းပတ်ဟာ ဒါဘီကောင်တီ၊ ချဲလ်ဆီးနဲ့ အဲဗာတန်တို့မှာနည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်မှာတော့ နည်းပြဘဝမှ ခေတ္တရပ်နားထားခဲ့ပါတယ်။ ယခုအခါမှာတော့ လမ်းပတ်ဟာ ကိုဗင်ထရီကို အကောင်းဆုံးဦးဆောင်နေပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်သို့ ပထမဆုံးအကြိမ်ပြန်လည်တန်းတက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ လမ်းပတ်ရဲ့အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယား အဆင့် ၄ နေရာက ဆန်းဒါးလန်းနဲ့ ၁၂ မှတ်အထိကွာဟနေပါတယ်။ 

အခြားနည်းပြတွေနဲ့ စကားစမြည်ပြောခဲ့ဖူးတာမျိုးရှိသလားလို့ Athletic ကမေးမြန်းခဲ့ရာ လမ်းပတ်က "ရှိပါတယ်။ မတူညီတဲ့အသင်းက နည်းပြတွေအများကြီးနဲ့ ညစာအတူစားခဲ့ပါတယ်။ သူတို့နဲ့စကားပြောပြီး အကြံဉာဏ်တွေမျှဝေရတာမျိုးကို သဘောကျပါတယ်။ ကျွန်တော် ဘရန့်ဖို့ဒ်ကိုသွားပြီး သောမတ်စ်ဖရန့်ခ်နဲ့ တွေ့ခဲ့ပါတယ်။ သူက တော်တော်ပွင့်လင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ပါ"

"ကိုဗင်ထရီကို မကိုင်တွယ်ခင် ၁ လလောက်အလိုမှာ ကျွန်တော် ရိုဒရီကိုအင်တာဗျူးဖို့ မန်စီးတီးကို သွားခဲ့ပါတယ်။ အဲဒီမှာ ပက်ဂွါဒီယိုလာနဲ့ ၄၅ မိနစ်လောက်စကားထိုင်ပြောဖို့ အခွင့်အရေးရခဲ့ပါတယ်။ ကျွန်တော်နည်းပြဘဝမစခင်မှာလည်း မန်စီးတီးမှာပဲရှိနေခဲ့ပြီး လေ့ကျင့်ရေးကွင်းက ဂွါဒီယိုလာရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်အထင်ကြီးမိခဲ့ပါတယ်။ ကျွန်တော်ဖြစ်ချင်တာ သူ့လိုနည်းပြမျိုးပါ။ သူကကျွန်တော့်ကိုလှုံ့ဆော်မှုအများကြီးပေးနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်ချန်ပီယံရှစ်ပွဲစဉ်မှာ ကိုဗင်ထရီဟာ အမှတ်ပေးဇယား အဆင့် ၁၉ နေရာက စတုတ်စီးတီးနဲ့ကစားသွားရမှာဖြစ်ပါတယ်။