
ပူးမက်စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ်ကို မာရှေယာနို ချီးကျူး
အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက ပူးမက်စ်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်းပြုလုပ်ပေးနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ မကြာသေးမီကာလတွေက ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရသလို၊ ဂိုးပေါက်လည်းပျောက်နေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ အသက်-၃၈ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ဟောင်းဟာ ၉ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပြီး ယခု ပူးမက်စ်နဲ့ပွဲစဉ်မှာတော့ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပြီး နိုင်ပွဲအတွက် အရေးပါဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာ မာရှေယာနိုက "သူကအသင်းအတွက် ဘာလုပ်ပေးနိုင်မလဲ အမြဲစဉ်းစားနေတဲ့သူပါ။ ဘောလုံးမရတဲ့အချိန်တွေမှာတောင် ကြိုးစားပြီးကစားပေးနေပါတယ်။ ဒီလိုစိတ်ဓာတ်နဲ့ကစားသမားက ရှားသလို၊ သူ့လိုထိပ်တန်းကစားသမားတစ်ယောက်အတွက် ဒါက ချီးကျူးစရာပါ။ ဒီနေ့မှာ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်အရမ်းကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အသင်းရဲ့စူပါစတား လီယွန်မက်ဆီမပါဝင်နိုင်ခဲ့ပေမယ့် မီယာမီဟာ ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး သွင်းဂိုး ၃ ဂိုးအထိရရှိခဲ့တာဖြစ်ပါတယ်။ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဆာဂျီယိုဘက်စ်ကွက်စ်၊ နောက်ခံလူ ဂျော်ဒီအယ်လ်ဘာတို့နဲ့ပတ်သက်ပြီးတော့လည်း မာရှေယာနိုက "သူတို့ကလည်း အသင်းကိုကူညီပေးဖို့ ကြိုးစားနေသူတွေပါ။ ကျွန်တော် သူတို့နဲ့တွဲကစားခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူတို့က ထက်မြက်တဲ့ကစားသမားတွေဆိုတာ သိခဲ့ရပါတယ်။ ဒီနေ့မှာ ဘက်စ်ကွက်စ်ကို အနောက်မှဆော့ဖို့ ကျွန်တော်တို့တောင်းဆိုခဲ့ပြီး သူကလည်း ချက်ချင်းပဲ အနောက်ဆင်းပြီး ကစားပေးခဲ့ပါတယ်။ ဒီလိုလုပ်ဖို့လိုအပ်တယ်ဆိုတာ သူကိုယ်တိုင်လည်း ကျွန်တော်တို့မပြောခင်ကတည်း သိနေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မီယာမီဟာ အုပ်စုအတွင်း ရမှတ် ၈ မှတ်နဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အင်တာမီယာမီကစားသမားဘဝ ပွဲဦးထွက်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူသစ် ရိုဒရီဂိုဒီပေါလ်နဲ့ပတ်သက်ပြီးတော့ မာရှေယာနိုက "သူဝင်လာတဲ့အချိန်မှာ အသင်းက ပိုကောင်းလာခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံက သိသိသာသာပဲ တိုးတက်လာခဲ့တာပါ။ အပန်းဖြေခရီးကနေပြန်လာပြီး ၇ ရက်အတွင်း ၃ ပွဲအထိကစားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် သူကတော့ လွယ်လွယ်ကူကူပဲ အားအင်အပြည့်နဲ့ကစားခဲ့ပြီး အသင်းကို ကူညီပေးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ မေဂျာလိဂ်ပွဲစဉ်အဖြစ် အော်လန်ဒိုစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။