လာမယ့်ရာသီမှာ စတင်ပွဲထွက်ဖို့ အခွင့်အရေးပေးသွားမယ့် လူငယ်ကစားသမားတစ်ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့အကယ်ဒမီထွက် ကစားသမားလေးတစ်ဦးဖြစ်တဲ့ တိုဘီကူလီယာကို လာမယ့်ရာသီမှာ စီနီယာအသင်းအတွက် စတင်ပွဲထွက်ဖို့ အခွင့်အရေးပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အသက်-၂၀ သာရှိသေးတဲ့ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပွဲထွက်ခွင့်မရခဲ့ဘဲ အရန်ခုံမှာသာ တစ်ခါတစ်ရံထိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဟယ်ရီအာမက်စ်၊ လူးဝစ်ဂျက်ဆန်၊ ဟာဘီအိုဂန်နေး၊ အီသန်ဝှစ်တလေတို့နဲ့အတူ ကူလီယာကလည်း ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၄ ပွဲမှာ အရန်ခုံမှာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကူလီယာဟာ မန်ချက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း အသင်းနဲ့အတူ လိုက်ပါခဲ့ပြီး ပွဲအပြီး အောင်ပွဲခံအခမ်းအနားမှာ မန်နေဂျာအဲရစ်တန်ဟက်ရဲ့ အချိန်ကြာမြင့်စွာ စကားစမြည်ပြောခဲ့ပါတယ်။
နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲအပြီးတုန်းကလည်း တန်ဟက်ဟာ ကိုဘီမိုင်နူးကို ဒီလိုပဲ အချိန်ကြာမြင့်စွာ စကားပြောခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ကူလီယာဟာ တန်ဟက်ရဲ့ယုံကြည်မှုကို အပြည့်အဝ ရရှိနေပုံပေါ်ပြီး ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းပွဲရဲ့ ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့သလို ရိန်းဂျားကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ကတ်စမဲရိုးနဲ့အတူ ကွင်းလယ်မှာ ပွဲထွက်ပါဝင်နိုင်ခဲ့ပါတယ်။
ရိန်းဂျားကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ တန်ဟက်က “ကျွန်တော်လုပ်နေကျပုံစံအတိုင်းပါပဲ။ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးကောင်းတွေကို အမြဲတမ်း ဖန်တီးပေးနေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့လည်း အခွင့်အရေးကို ရအောင်ယူနိုင်ဖို့လိုပါတယ်။ အခုလည်း ကူလီယာက အခွင့်အရေးရနေပါပြီ။ ဒီနေ့ သူပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုတိုးတက်အောင်လုပ်မလဲ စောင့်ကြည့်ရပါမယ်” “ပြီးခဲ့တဲ့နှစ်က ဂါနာချိုနဲ့ မိုင်နူးတို့ ဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခြားလူငယ်ကစားသမားတွေကို လမ်းကြောင်းဖွင့်ပေးထားပြီး တိုဘီက ကျွန်တော်တို့ရဲ့ လေးယောက်မြောက်ကြယ်ပွင့်ဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မိုင်နူးနဲ့ ဂါနာချိုတို့ဟာ တန်ဟက်လက်အောက်မှာ တောက်ပလာခဲ့ကြတဲ့ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတွေဖြစ်ပြီး နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကမ်ဘွာလာကတော့ ပြီးခဲ့တဲ့အပတ်က ဗီလာရီးရဲလ်သို့ ရောင်းချခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ တန်ဟက်က ကူလီယာဟာ သူ့လက်အောက်မှာ ထွန်းထောက်လာခဲ့တဲ့ မိုင်နူး၊ ဂါနာချိုနဲ့ ကမ်ဘွာလာတို့နောက် စတုတ္ထမြောက်ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီအတွင်းမှာ ယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့အတွက် ပီအက်စ်ဂျီမှ ယူဂါတီကို ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် လာမယ့်ရာသီတွေမှာ ကူလီယာအနေနဲ့ ကွင်းလယ်ပိုင်းကို ဦးဆောင်နိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိနေဆဲဖြစ်ပါတယ်။ ကတ်စမဲရိုးရဲ့ အနာဂတ်က မသေမချာဖြစ်နေပြီး၊ ဆိုဖီယန်အမ်မရာဘတ်က အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ငြင်းဆန်ခံထားရသလို စကော့မက်တိုမီနေးကလည်း ဖူလ်ဟမ်နဲ့ တော့တင်ဟမ်တို့ရဲ့ ချိတ်ဆက်ခြင်းကို ခံနေရတာကြောင့် ကူလီယာရဲ့အခန်းကဏ္ဍက လာမယ့်ရာသီမှာပဲ ယူနိုက်တက်အတွက် အရေးပါလာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။