The network connection is lost.

Banner Image

မန်စီးတီးနဲ့ ယူနိုက်တက်ကြားမှာ ခြားနားမှုသေးသေးလေးသာရှိနေတယ်လို့ တန်ဟက် အခိုင်အမာဆို

မန်ချက်စတာဒါဘီမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြ တန်ဟက်က မန်စီးတီးနဲ့ မိမိတို့အသင်းကြားမှာ ခြားနားမှုသေးသေးလေးသာရှိတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဂိုးပေါက်တည့်မတ်မှု ၁ ကြိမ်သာရှိခဲ့ပြီး ဂိုးရနိုင်ချေ xG မှာ 0.19 သာရှိခဲ့ပြီး စီးတီးက xG 3.15 အထိ ရှိခဲ့ကာ နောက်ကနေလိုက်ကန်ကာ ၃-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။
 
တန်ဟက်ရဲ့ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီ ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပေမယ့် နယ်သာလန်သားက မိမိတို့အသင်းဟာ စီးတီးနဲ့အဝေးကြီးမှာ ရှိမနေဘူးလို့ အခိုင်အမာဆိုပါတယ်။ “နိုး ကျွန်တော်တော့ အဲ့လိုမထင်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ အခုကျွန်တော်တို့မှာ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ပြဿနာအများကြီး ရှိနေပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေဆဲပါ။ ၂ သင်းကြား နည်းနည်းလောက်ပဲ ကွာဟပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုး ရနိုင်ခဲ့သင့်ပါတယ်။ လုံးဝပြီးပြည့်စုံတဲ့ အနေအထားမှာ ဒုတိယဂိုးရမယ့်အခွင့်အရေးရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့တာက အရမ်းမကြီးဘူးဆိုတာ ခင်ဗျားမြင်နိုင်ပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုတော့ မမေ့ပါနဲ့။ စီးတီးက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
 
တန်ဟက်က ယူနိုက်တက်အနေနဲ့ ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းနေရာ ဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာနဲ့ ၁၁ မှတ်အကွာမှာ ရပ်တည်နေပြီး ၁၁ ပွဲကန်ဖို့ ကျန်ရှိနေပါတယ်။
 
“ကျွန်တော်တို့ အဲ့တာကိုအလျင်အမြန်ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ လာမယ့်စနေနေ့မှာ နောက်ထပ်ဖိုင်နယ်ပွဲတစ်ပွဲကန်ရမှာဖြစ်ပြီး နီးကပ်နိုင်အောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့ အဲ့တာအတွက် သွားရမှာပါ။ ကျွန်တော်တို့ နိုင်အောင်ကန်ဖို့ လိုအပ်ပါတယ်။ အဆင့် ၅ နေရာက ချန်ပီယံလိဂ်ဝင်နိုင်ပါတယ်။ အဲ့တာအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်”လို့ တန်ဟက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။