The network connection is lost.

Banner Image

စပိန်ကစားသမားတွေကို ချီးကျူးစကားဆိုလိုက်တဲ့ နည်းပြ ဒီလာဖွန်တေ

ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် စပိန်အသင်းနည်းပြ ဒီလာဖွန်တေက သူ့ရဲ့ကစားသမားတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်း၊ ပြင်သစ်အသင်းကို အနိုင်ယူခဲ့တဲ့ စပိန်အသင်းက လာမယ့်တနင်္ဂနွေနေ့ဗိုလ်လုပွဲကြီးမှာ နယ်သာလန်(သို့မဟုတ်)အင်္ဂလန်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။

ဒီလာဖွန်တေက “ကျွန်တော်တို့ရဲ့ကစားဟန်က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အရည်အသွေးအပေါ်မှာပဲ အခြေခံတည်ဆောက်ထားပါတယ်။ ဒါကသာ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံဖြစ်ပြီး ကိုယ့်ရဲ့အားသာချက်နဲ့ပဲ ယှဉ်ပြိုင်ကစားချင်ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ဘယ်လောက်အထိ ကစားနိုင်သလဲဆိုတာ ကိုယ်တိုင်သိရှိထားသလို ပြိုင်ပွဲကာလတလျှောက်လုံးမှာလည်း မြင်တွေ့ခဲ့ပြီးပါပြီ။ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းက ထူးချွန်ပေမယ့် တစ်ဦးချင်းစီရဲ့အရည်အသွေးမှတဆင့် စုပေါင်းထားတဲ့အကျိုးအမြတ်တစ်ခုကို သူတို့တွေ ထုတ်လုပ်ပေးပါတယ်။ ကစားသမားတွေအကုန်လုံးက အားလုံးရဲ့အကျိုးအတွက်၊ စုပေါင်းအားထုတ်မှုတွေအတွက် ကြိုးစားပေးပါတယ်။ သူတို့တွေက ကြိုးစားမှုနဲ့ လုပ်အားနှုန်းအပိုင်းမှာ သူမတူအောင် အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါတယ်။ စွန့်လွှတ်အနစ်နာခံမှုနဲ့အတူ တိုးတက်မှုတွေ ဆက်ထိန်းထားချင်တဲ့ ဆန္ဒကို မရောင့်ရဲမတင်းတိမ်နိုင်တဲ့ အသင်းတစ်ခုဆိုတာ ပြသထားတဲ့လက္ခဏာတွေ တစ်ခုထက်မကရှိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒီလာဖွန်တေက သူ့အပေါ်ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။ “ဒီအောင်မြင်မှုက ကျွန်တော်တို့ကိုယ်တိုင်ထက် ခင်ဗျားတို့ကို ပိုမိုအံ့အားသင့်စေလိမ့်မယ်ဆိုတာ ခင်ဗျားတို့ သိစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တေ်ာတို့က ကိုယ့်မှာရှိနေတဲ့ ဖြစ်နိုင်ခြေတွေအားလုံးကို သိရှိထားခဲ့လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဘောလုံးသမားတွေကို သိရှိထားသလို ကျွန်တော် သူတို့အကြောင်း ဘယ်လောက်အထိသိရှိထားသလဲဆိုတာအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချပါတယ်။ ဒါက စိတ်ကူးပေါက်ရာ လျှောက်လုပ်နေတာမျိုး မဟုတ်ပါဘူး။ ဒီအသင်းမှာပါဝင်တဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ နောက်ခံသမိုင်းကြောင်းကို မသိရှိဘဲ ကစားသမားတွေဆီမှ တောင်းဆိုမှုတွေ လုပ်ဆောင်ကြပါတယ်။ ကျွန်တော်နဲ့ နည်းစနစ်ပိုင်း ဝန်ထမ်းတွေကတော့ သူတို့အကြောင်း သိကြပါတယ်။ ကျွန်တော့် ကစားသမားတွေရဲ့ပေးဆပ်နိုင်မှုနဲ့ အကောင်းဆုံးဖြစ်လာနိုင်အောင်အထိ တိုးတက်နိုင်စွမ်းတွေကို ကျွန်တော်သိပါတယ်”လို့ ဒီလာဖွန်တေက ဆိုပါတယ်။

လှပတဲ့ချေပဂိုးသွင်းယူခဲ့တဲ့ လာမယ်လ်နဲ့ ပတ်သက်လို့ ဒီလာဖွန်တေက “သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ကျွန်တော်တို့တွေ သူ့ကိုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ကွင်းတွင်းမှာ သူပြသထားတဲ့ ရင့်ကျက်မှု၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေနဲ့အတူ သင်ယူနိုင်ဖို့၊ တိုးတက်နိုင်ဖို့အတွက် သူနဲ့အတူ အလုပ်တွေ အတူဆက်လုပ်သွားချင်ပါတယ်။ အရိုးသားဆုံးပြောရရင် ယာမယ်လ်က အတွေ့အကြုံရှိပြီးသားကစားသမားတစ်ဦးနဲ့တောင် ပိုတူနေပါသေးတယ်။ ဒါပေမယ့် အခြေခံအားဖြင့် အသင်းမှာသူရှိနေလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူက စပိန်သားဖြစ်ပြီး နောင်လာမယ့်နှစ်တွေအထိ သူနဲ့အတူ ပျော်ရွှင်နိုင်ဦးမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။