The network connection is lost.

Banner Image

ခြေစွမ်းပြဖို့ ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားလာတဲ့ ဟာလန်း

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၁ နဲ့ရှုံးနိမ့်ပြီးနောက် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပြန်တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ပွဲအပြီးမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရကြောင်းနဲ့ လုံလောက်အောင်မကောင်းခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ပွဲကိုစတင်ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ၁၆ မိနစ်မှာပဲ အက်စတွန်ဗီလာရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး ဂျွန်ဒူရန်က စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချေပဂိုးလိုအပ်နေတဲ့ မန်စီးတီးက ဒုတိယပိုင်းမှာ တိုက်စစ်ဆင်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ နောက်ထပ်သွင်းဂိုး ၁ ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ၆၅ မိနစ်မှာ မော်ဂန်ရိုဂျာက အက်စတွန်ဗီလာရဲ့ဦးဆောင်မှုကို ၂ ဆမြှင်တင်ခဲ့ပါတယ်။ 

မန်စီးတီးအနေနဲ့ ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ‌ ချေပဂိုး ၁ ဂိုးတောင်ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပွဲပြီးကာနီး ၉၀+၃ မိနစ်မှသာ ဖီးလ်ဖိုဒ်က နှစ်သိမ့်ချေပဂိုး ၁ ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်မှာ အသင်းရဲ့အဓိက တိုက်စစ်မှူး အာလင်းဟာလန်းကလည်း ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ကန်သွင်းခွင့်ရဖို့တောင် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ကစားသမားဟာ မန်စီးတီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၁ ဂိုးသာသွင်းထားနိုင်ခဲ့ပါတယ်။ 
ပွဲအပြီးအင်တာဗျူးမှာတော့ ဟာလန်းက “စိတ်ပျက်စရာပွဲစဉ်တစ်ပွဲပါ။ ကျွန်တော်တို့ လုံလုံလောက်လောက်ခြေစွမ်းမရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လုံလောက်အောင်မကောင်းခဲ့ပါဘူး။ အက်စတွန်ဗီလာက ကစားသမားကောင်းတွေနဲ့စုစည်းထားတဲ့အသင်းပါ။ ဒီနေရာမှာ ယှဉ်ပြိုင်ဖို့ခက်ခဲပေမယ့် ကျွန်တော်တို့မန်စီးတီးလိုအသင်းအနေနဲ့ ဒီထက်ပိုကောင်းဖို့လိုပါတယ်။ ကျွန်တော်တို့ ဆက်သွားနိုင်ဖို့လိုပါတယ်။ ယုံကြည်မှုရှိရှိနဲ့ အလုပ်ကြိုးစားသွားရပါမယ်’

“ပထမဆုံးအနေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်ရပါမယ်။ ကျွန်တော်လုပ်နေတဲ့အရာတွေက လုံလောက်မှုမရှိပါဘူး။ အခွင့်အရေးတွေကိုလည်း အသုံးချနိုင်မှုမရှိပါဘူး။ ဒီထက်ပိုကောင်းလာဖို့လိုနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။ 
ယခုရာသီမှာ မန်စီးတီးဟာ အခွင့်အရေးပေါင်း ၂၉၄ ကြိမ်အထိ ဖန်တီးထားနိုင်ပေမယ့် အဆိုပါအခွင့်အရေးတွေထဲကမှ ၉.၉ ရာခိုင်နှုန်းကိုသာ ဂိုးအဖြစ် ပြောင်းလဲထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပမာဏဟာ ၂၀၀၆-၀၇ ခုနှစ်နောက်ပိုင်း အသင်းရဲ့အဆိုးဝါးဆုံး မှတ်တမ်းလည်းဖြစ်တယ်လို့သိရပါတယ်။ 

ဟာလန်းအနေနဲ့ သူ့ကိုယ်သူ အပြစ်တင်မှုတွေပြုလုပ်ပြီး ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပေမယ့် နည်းပြကြီး ပက်ဂွါဒီယိုလာနဲ့ပတ်သက်ပြီး “သူက ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ်အထိဆွတ်ခူးထားနိုင်တဲ့နည်းပြပါ။ ဒါကို ကျွန်တော်တို့ ဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူး။ သူအဖြေတွေရှာတွေ့ပါလိမ့်မယ်။ ဒီလိုအဖြေရှာတာမျိုးကို ရာသီတိုင်းမှာ သူလုပ်နေကျပါ။ သူ့ကို ကျွန်တော်တို့ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း အရင်ကထက် အများကြီးကြိုးစားသွားဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။