The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ကစားပုံ ညံ့ဖျင်းခဲ့တယ်လို့ ဝန်ခံလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံးရာသီကြိုခြေစမ်းပွဲစဉ်မှာ ရိုဆင်ဘော့ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ ကစားပုံဟာ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ ညံ့ဖျင်းတဲ့ပုံစံမှာ ရှိနေခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ တန်ဟက်ဟာ အသင်းရဲ့စီနီယာကစားသမားတွေဖြစ်တဲ့ မားကက်ရက်ရှ်ဖို့ဒ်၊ ကတ်စမဲရိုး၊ မေဆင်မောင့်၊ ဝမ်ဘစ်ဆာကာနဲ့ ဂျွန်နီအီဗန်စ်တို့ကို ပွဲထုတ်အသုံးပြုခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အားရစရာမရှိခဲ့ဘဲ ပထမပိုင်းမှာတင် အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမား ရာဒက်ခ်ဗီဒက်ခ်အနေနဲ့ ယခုပွဲစဉ်မှာ ဂိုးပေါက်ကာကွယ်မှုတွေအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာတော့ ရိုဆင်ဘော့ရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီး လူစားဝင်ကစားသမား နိုအာဟုမ်းက အနီးကပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တန်ဟက်က “ရလဒ်က အရေးမကြီးပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်လိုအသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေမှာတော့ အနိုင်ကစားဖို့လိုပါတယ်။ အသင်းရဲ့ အဆင့်အတန်းက ရှုံးသင့်တဲ့အခြေအနေမှာမရှိပါဘူး။ ပွဲကို မနိုင်ရင်တောင် ရှုံးလို့တော့ မရပါဘူး” “စွမ်းဆောင်ရည်က ပိုအရေးကြီးတယ်ဆိုတာသိပေမယ့် ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ကလည်း သတ်မှတ်ထားတဲ့စံနှုန်းနဲ့မကိုက်ညီခဲ့ပါဘူး။ ဒီလိုစွမ်းဆောင်ရည်က ထိပ်တန်းဘောလုံးလောကရဲ့စွမ်းဆောင်ရည်မျိုးမဟုတ်ပါဘူး။ ထိပ်တန်းအဆင့်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေအများကြီးရှိပါတယ်။ တစ်ဦးချင်းအနေနဲ့ ဒီစံနှုန်းတွေကို လိုက်မီဖို့လိုပါတယ်။ ကြံ့ခိုင်မှုအခြေအနေကတော့ ဒီအချိန်အတွင်းမှာ အံဝင်ခွင်ကျမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ပြိုင်ဘက်အသင်းက ကျွန်တော်တို့ထက် ပိုမိုကောင်းမွန်တဲ့ ကြံ့ခိုင်မှုအဆင့်ကို ပိုင်ဆိုင်ထားပေမယ့် ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်လို့ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ခြေစမ်းပွဲစဉ်အဖြစ် ရိန်းဂျားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ အာဆင်နယ်နဲ့ ဆက်လက်ခြေစမ်းသွားမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ အဲရစ်တန်ဟက်ရဲ့အသင်းဟာ ဩဂုတ်လအတွင်း မန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်မီ ရီးရဲလ်ဘက်တစ်၊ လီဗာပူးတို့နဲ့ ခြေစွမ်းပွဲစဉ်တွေ ကစားသွားရဦးမှာဖြစ်ပါတယ်။