The network connection is lost.

Banner Image

အယ်လ်ဘေးနီးယားကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အီတလီအသင်း သိပ်ပေါ့ဆလွန်းတယ်လို့ ပြောဆိုလာတဲ့ စပယ်လက်တီ

ဒီနေ့မနက်ပိုင်း၊ အယ်လ်ဘေးနီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဥရောပချန်ပီယံရှစ်ပွဲစဉ်အတွင်း ပြိုင်ပွဲသမိုင်းတလျှောက်အမြန်ဆုံးဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက် Comeback ဖြင့် ပြန်လည်အနိုင်ယူခဲ့တဲ့ အီတလီအသင်းအတွက် တိုးတက်ရမယ့်အခန်းကဏ္ဍအများအပြားရှိနေသေးတယ်လို့ နည်းပြစပယ်လက်တီက ရှုမြင်နေပါတယ်။

ဒေါ့မွန်အသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတဲ့ပွဲစဉ်အတွင်း တက်ကြွဖွယ်အယ်လ်ဘေးနီးယန်းတွေရဲ့ အားပေးမှုတွေရှေ့မှောက် ပွဲအစ ၂၃ စက္ကန့်မှာပဲ ဘာ့ဂျ်ရာမီက အယ်လ်ဘေးနီးယားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဘတ်စ်တိုနီ၊ ဘာရယ်လာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အီတလီတို့ အလျင်အမြန်ပဲ ပွဲစဉ်ကို ပြန်လည်စိုးမိုးသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အီတလီက မရဏအုပ်စုမှာ အုပ်စုဗိုလ်စပိန်နဲ့ ရမှတ်တူ၊ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် စပယ်လက်တီကတော့ ဒုတိယပိုင်းပွဲချိန်အတွင်း အဆုံးအဖြတ်ဖြစ်စေမယ့် တတိယမြောက်သွင်းဂိုးမရှာဖွေဘဲ ကျဉ်းမြောင်းတဲ့ရလဒ်ပိုင်းအပေါ်မှီတည်ကာ ခံစစ်ထိုင်ကစားခဲ့တဲ့ သူ့ရဲ့အသင်းနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။

အီတာလျံရုပ်သံသတင်းဌာန RAI နဲ့တွေ့ဆုံချိန် စပယ်လက်တီက “ ကောင်းမွန်တဲ့ကစားပုံ အများကြီးထွက်ရှိလာတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပေမယ့် ဒီနေရာမှတဆင့် တစ်ခုခုတော့ ရအောင်ယူသွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး တစ်ခုခုကို ရအောင်မယူနိုင်ဘူးဆိုရင် ကစားပုံကောင်းနေတာတွေက ဘာမှအသုံးမဝင်တော့လို့ပါ။

အယ်လ်ဘေးနီးယားကို ဒုက္ခပေးနိုင်မယ့် အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။ ချိန်သားကိုက်လှုပ်ရှားမှုတွေနဲ့ ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်ခဲ့ပေမယ့် ကျွန်တော်တို့တွေ နောက်ဆီပဲ ဘောလုံးပြန်ပေးနေခဲ့ပါတယ်။

ဂိုးသွင်းနိုင်မယ့် အခွင့်အလမ်းတစ်ခုရှိနေတဲ့ နေရာလွတ်ကို ဖန်တီးနိုင်သလားဆိုတာ ပြန်ကြည့်သွားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရဲ့ခံယူချက်တွေကို ပြောင်းလဲသွားနိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စိတ်တွေ လျှင်လျှင်မြန်မြန်ပဲ ပြန်ပြောင်းလဲသွားခဲ့ပါတယ်။

တခါတရံမှာ ကိုယ့်ရဲ့ကစားပုံက သက်သောင့်သက်သာရှိနေဖို့ဆိုတာ လွယ်ကူပေမယ့် နောက်ထပ်ဂိုးတွေသွင်းယူနိုင်ဖို့၊ နေရာလွတ်တွေဖန်တီးသွားဖို့အတွက် ဆာလောင်ပြင်းပြင်မှုတွေလည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အီတလီက လာမယ့်ပွဲစဉ်မှာ ခရိုအေးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ရှိပြီး သူတို့အသင်းရဲ့အုပ်စုတက်ရေးမျှော်လင့်ချက်အတွက် အစွမ်းကုန်ကြိုးစားအားထုတ်သွားရပါလိမ့်မယ်။