The network connection is lost.

Banner Image

သည်းထိတ်ရင်ဖိုအစ္စရေးနဲ့ပွဲစဉ်မှရရှိခဲ့တဲ့ သင်ခန်းစာကို ထုတ်ဖော်ဖွင့်ဟလာတဲ့ ဂတ်တူဆို

ဒီနေ့မနက်ပိုင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အစ္စရေးကို ၅-၄ ဂိုးဖြင့် သည်းထိတ်ရင်ဖိုအနိုင်ယူပြီးနောက် အီတလီလက်ရွေးစင်အသင်းနည်းပြဂတ်တူဆိုက သူ့အသင်းမှာ တိုးတက်လာရမယ့်ကဏ္ဍတွေ အများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

ဒီဘရီစန်မြို့ပွဲစဉ်အတွင်း အစ္စရေးရော၊ အီတလီပါ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းပွဲချိန်ပြီးဆုံးချိန် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း နှစ်သင်းအကြား အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ သာမန်ပွဲကစားချိန်အပြီး တစ်ဖက်လေးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ တိုနာလီက သွင်းယူခဲ့ပြီး အီတလီအတွက် သုံးပွဲဆက်အနိုင်ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံအဖြစ် လေးကြိမ်တိုင်တိုင်အောင်ပွဲခံခဲ့ဖူးတဲ့ အီတလီက နောက်ဆုံးကျင်းပသွားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ကိုတော့ ခြေစစ်ပွဲမအောင်မြင်လို့ လွဲချော်ခဲ့ပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လအတွင်း နော်ဝေကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ချိန်မှာ နည်းပြစပယ်လက်တီအတွက် ရာထူးမှထုတ်ပယ်ကြောင်းဆုံးဖြတ်ချက် ထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်၊ အက်စ်တိုးနီးယားကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိမှုအပါအဝင် နည်းပြသစ်ဂတ်တူဆိုကို စိတ်လှုပ်ရှားဖွယ်အောင်ပွဲနှစ်ခုနဲ့အတူ မြင်တွေ့ထားရပြီး အေစီမီလန်ကွင်းလယ်ဟောင်းကိုယ်တိုင်ကမူ သူ့အသင်းမှာ တိုးတက်လာရမယ့်အခန်းကဏ္ဍတွေ အများကြီးရှိသေးတယ်လို့ ယုံကြည်နေပါတယ်။

အသက်-၄၇ နှစ်အရွယ်နည်းပြက “ ကျွန်တော်တာဝန်ယူပြီးနောက် ရူးသွပ်ချင်စရာအကောင်းဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ပြဿနာပဲဆိုတာကို ရှင်းပြသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အသင်းအဖွဲ့တစ်ခုအဖြစ် ကစားချင်တယ်ဆိုရင်(သို့မဟုတ်) အချို့အရာတွေကို လုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်တော်တို့အတွက် တိုးတက်ရမယ့်ကဏ္ဍတစ်ခုလည်း ရှိနေတယ်ဆိုတာ လက်ခံသွားရပါမယ်”လို့ ပြောပါတယ်။

ဘယ်လိုအခန်းကဏ္ဍမျိုးတွေမှာ တိုးတက်လာဖို့ လိုအပ်သလဲဆိုတဲ့ ဆက်စပ်မေးခွန်းနဲ့ပတ်သက်လို့ ဂတ်တူဆိုက “ ဒီအသင်းက တက်ကြွပါတယ်။ တစ်ဂိုးလောက်ပေးလိုက်ရပြီဆိုရင် ချက်ချင်းဆိုသလို ဂိုးပြန်သွင်းနိုင်တယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ ကောင်လေးတွေက ဇွဲမလျော့ဘဲ သူတို့လုပ်ရမယ့်အရာကို လုပ်နိုင်ခဲ့ပါတယ်။ အစ္စရေးရဲ့လူကပ်ကစားပုံလည်း အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုက်စစ်မှူးနှစ်ဦးဆီ ဘောလုံးရောက်ရှိသွားတာနဲ့ ဂိုးရရှိခဲ့ပါတယ်။ ဒီအသင်းက စည်းလုံးမှုပျက်ပြားနေတာမျိုး မဟုတ်ပေမဲ့ ကျွန်တော့်အတွက် အချိန်မရှိဘူးဆိုရင်တောင် ပြင်ဆင်သွားရမယ့်အရာအချို့ ရှိပါတယ်။ ကစားသမားတွေက စာအုပ်ကြီးအတိုင်း ကစားရတာကို အသားကျနေပေမဲ့ ဒီနေ့မှာတော့ မတူညီတဲ့အရာတစ်ခုခုလုပ်သွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ အစောပိုင်းမှာ ပြိုင်ဘက်ရဲ့အဝေးဘောတွေအတွက် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ အသားကျသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် တိုးတက်ဖို့လိုအပ်တဲ့အရာအချို့ရှိပါတယ်။ ကျွန်တော် ထပ်ပြောပါရစေ၊ စိတ်ခွန်အားတွေအစွမ်းကုန်နှစ်မြှုပ်ပြီးကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်လို့ ကောင်လေးတွေကို ကျွန်တော်တို့ ဂုဏ်ပြုသွားရပါမယ်”လို့ ပြောပါတယ်။
အီတလီက အောက်တိုဘာ ၁၁ ရက်မှာ အက်စ်တိုးနီးယားနဲ့ အဝေးကွင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။