The network connection is lost.

Banner Image

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိဖို့ ယုံကြည်ချက်အပြည့်ရှိနေတဲ့ စပယ်လက်တီ

အီတလီလက်ရွေးစင်အသင်းနည်းပြစပယ်လက်တီက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ နော်ဝေနဲ့ရင်ဆိုင်ရမယ့်အခိုက်အတန့်ကို အရေးကြီးပွဲစဉ်အဖြစ် ပုံဖော်လိုက်ပြီး သူ့ရဲ့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စပယ်လက်တီရဲ့အသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု(I)မှာ ပါဝင်လာပြီး သူတို့နဲ့ရင်ဆိုင်ရမယ့် နော်ဝေအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကစားပြီးချိန် ခြောက်မှတ်ရရှိကာ ကိုးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို လေးကြိမ်တိုင်ရယူခဲ့ဖူးတဲ့ အီတလီအသင်းက ၂၀၁၄ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ပါတယ်။ ဂျာမနီကိုရှုံးနိမ့်ခဲ့တဲ့ မတ်လနေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကြောင့် စပယ်လက်တီရဲ့အသင်းက အခုအချိန်မှသာ သူတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကို စတင်သွားနိုင်ပါလိမ့်မယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် စပယ်လက်တီက “ ရှင်းပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် ကျွန်တော်တို့မှာ အရည်အချင်းပြည့်မီမှုရှိ၊မရှိဆိုတာသိရဖို့ နော်ဝေမြေမှာ အရာရာတိုင်းအဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ဆီအပ်နှင်းထားတဲ့ ဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။ ခြေစစ်ပွဲအောင်မြင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးလို့ ခြေစစ်ပွဲအောင်မြင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ကျွန်တော်တို့မှာ ကိုယ်ကစားရမယ့်ပွဲစဉ်အတွက် လိုအပ်တဲ့အရာအားလုံး ရှိနေပါပြီ။ ကျွန်တော်တို့မှာ ပွဲကြီးပွဲကောင်းတစ်ခုအတွက် ယှဉ်ပြိုင်နိုင်စွမ်းတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလိုအရာတွေကို လက်တွေ့ကျကျဖော်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောပါတယ်။

အလားတူ နော်ဝေနည်းပြဆိုဘတ်ကင်ကလည်း အီတလီကိုဧည့်ခံကစားရမယ့်ပွဲစဉ်အတွက် အကောင်းမြင်မှုအပြည့် ရှိနေခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း ဆိုဘတ်ကင်က “ အခုပွဲစဉ်မှာ အီတလီအသင်းက အနိုင်ရဖို့ ရေပန်းစားနေသလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော့်အတွက်တော့ ကိုယ့်အိမ်ကွင်းမှာကစားရမယ့်ပွဲစဉ်အတွက် အခွင့်အရေးဆတူပဲရှိပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာက ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နှစ်၊ ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ကျင်းပသွားပါမယ်။