
အဓိက ပြောင်းလဲမှုတစ်ခုနဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ဆိုလ် ကမ့်ဘဲလ်
အာဆင်နယ် အသင်းဟာ ကစားသမား အင်အားစု တစ်ရပ်လုံးရဲ့ စိတ်ထဲမှာ 'တစ်ညီတစ်ညွတ်တည်း ယုံကြည်ချက်' ရှိလာရင် နောက်ဆုံးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဂန်နာ ဂန္ထဝင်ကစားသမားနဲ့ 'မရှုံးပွဲ' အသင်းသားဟောင်း ဆိုလ် ကမ့်ဘဲလ်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူဟာ မြောက်လန်ဒန် ပြိုင်ဘက် တော့တင်ဟမ်အသင်းရဲ့ ခြေစွမ်းကိုလည်း သဘောကျနေပါတယ်။
နည်းပြ မိုက်ကယ် အာတီတာ လက်ထက်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ သုံးရာသီ ဆက်တိုက် ဒုတိယနေရာ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ အဆိုပါ ဆုဖလားကို ၎င်းတို့ထက် အသာရခဲ့ကြပေမဲ့ ဒီရာသီမှာတော့ အခြေအနေတွေ သိသိသာသာ ပြောင်းလဲနိုင်ပါတယ်။နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၂၅၀ သန်းကျော် သုံးစွဲခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိ ချန်ပီယံ လီဗာပူးထက် တစ်မှတ် အသာနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ကလပ်ရဲ့ နောက်ဆုံး ချန်ပီယံဆု ရယူခဲ့တဲ့ ၂၀၀၄ ခုနှစ်က အသင်းမှာ ပါဝင်ခဲ့တဲ့ ကမ့်ဘဲလ်က ဒီရာသီ အဆုံးသတ်မှာ ဂန်နာတို့ ဘယ်လိုမျိုး အောင်မြင်မှု ရယူနိုင်မလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။ talkSPORT မှ ဘန် ဂျေကော့ဘ်စ်က ချန်ပီယံ ဖြစ်နိုင်ခြေ အရှိဆုံးအသင်း ဘယ်သူလို့ ထင်ပါသလဲဆိုတာ မေးတဲ့အခါ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ရဖူးတဲ့ ကစားသမားက "အခုထိတော့ ဘယ်သူမှ မဟုတ်သေးပါဘူး၊ ဘယ်သူမှ မဟုတ်သေးပါဘူး"
"လီဗာပူးကတော့ သိတဲ့အတိုင်းပဲ၊ သူတို့က ချန်ပီယံဖြစ်ဖူးတယ်၊ သူတို့က အမြဲတမ်း ပြိုင်ဆိုင်မှုထဲမှာ ပါဝင်နေမှာပါ။ အာဆင်နယ်ကတော့ လိုက်လံတိုက်ခိုက်မယ့် အဖြစ် ရှိနေပါတယ်။ သူတို့က ဒီအချိန်မှာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပေမဲ့ သူတို့ ဆက်ပြီး လုပ်ဆောင်သွားရပါမယ်" "သက်သေပြရမှာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ၊ ဆောင်းရာသီနဲ့ မိုးရွာနေတဲ့ အချိန်တွေမှာ အဝေးကွင်း ပွဲတွေမှာ ရမှတ်တွေ ဆက်လက် ကောက်ယူပြီး ဆက်ပြီး လျှောက်လှမ်းသွားဖို့ပဲ ဖြစ်ပါတယ်"
"ဒါကြောင့် ဒီအချိန်မှာတော့ အရမ်း စောပါသေးတယ်။ ဒါပေမဲ့ သူတို့မှာ ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိနေပါတယ်။ အာဆင်နယ်က ကောင်းမွန်နေတယ်၊ ဒါပေမဲ့ သူတို့ လုပ်နိုင်တယ်လို့ ယုံကြည်ဖို့ လိုတယ်။ အဲဒါက အဓိက အချက်ပဲ" လို့ ဖြေကြားခဲ့ပါတယ်။