
အန်းစလော့ရဲ့လီဗာပူးအသင်းအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာထက် အနားရရှိဖို့သာ ပိုအရေးကြီး
လီဗာပူးအသင်းအနေဖြင့် ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်အတွက် ပွဲထွက်ကစားသမားအများစုကို အနားပေးနိုင်ရန် အခွင့်အလမ်းရှိသလို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေဖို့ထက် ကစားသမားတွေ အနားရဖို့ကိုသာ ပိုပြီးဦးစားပေးလိုတယ်လို့ နည်းပြအန်းစလော့က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးညပိုင်းပွဲစဉ်အတွက် လီဗာပူးအသင်းက ကပ္ပတိန်ဗန်ဒိုက်၊ အသင်းဂိုးသွင်းစက်မိုဆာလက်၊ ဂိုးသမားအလီဆင်၊ အာနိုးလ်၊ ကိုနာတေး၊ ဂရာဗန်ဘတ်ချ်၊ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်း၊ လူးဝစ်ဒီယက်ဇ်တို့ကို အနားပေးခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ထားနိုင်ပြီဖြစ်တဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတို့ကိုလည်း ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ဒါကြောင့် အခုဘောလုံးရာသီမှာ သူတို့အတွက် ပွဲကြီးပွဲကောင်းများစွာရောက်ရှိလာမယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ဥရောပမှာရှိတဲ့ အခြားကလပ်အသင်းတွေလိုပဲ ကျွန်တော်တို့တွေ ပွဲတွေအများကြီးကစားနေရတယ်လို့ ထင်ပါတယ်။ ဒီကစားသမားအများစုလည်း ပွဲစဉ်တွေအတော်များများကို ကစားခဲ့ပြီးပါပြီ။ ဒါကြောင့် လက်ကျန်ကစားသမားတွေက မနက်ဖြန်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ရဲ့အခုဘောလုံးရာသီကို ပြန်ကြည့်လိုက်မယ်ဆိုရင် ရာသီအစသီတင်းပတ်သုံးလေးငါးခုအပြီး အချိန်တိုင်းနီးပါး ပွဲစဉ်တွေ ကစားခဲ့ရပါတယ်။ လိဂ်ဖလား၊ အက်ဖ်အေဖလားရှိတဲ့သီတင်းပတ်တွေမှာတော့ ဒီကစားသမားတွေကို အားလပ်ရက်ပေးနိုင်ခဲ့ပါတယ်။ သူတို့အတွက် လန်းဆန်းမှုပေးနိုင်မယ့် အခိုက်အတန့်တစ်ခု ရရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ ဒီအခိုက်အတန့်ကို အမြဲတမ်းအသုံးချခဲ့ပါတယ်”လို့ ပြောပါတယ်။
အန်းစလော့ရဲ့အသင်းက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခုနစ်ပွဲအထိ အနိုင်ရရှိထားပြီး ပီအက်စ်ဗွီနဲ့ပွဲစဉ်မှာ ရှုံးနိမ့်မယ်ဆိုရင် သူတို့ရဲ့အမှတ်ပေးဇယားဦးဆောင်သူနေရာကို ဘာစီလိုနာအသင်းရဲ့ခြိမ်းခြောက်မှု ကြုံတွေ့လာရနိုင်ပါတယ်။ ဒါပေမယ့် အန်းစလော့ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်အမှတ်ပေးဇယားရပ်တည်မှုနဲ့ပတ်သက်လို့ အလွန်အကျွံမစိုးရိမ်ခဲ့ပါဘူး။
လီဗာပူးအသင်းအတွက် အမှတ်ပေးဇယားထိပ်ဆုံးနှစ်နေရာ သေချာနေပြီး ၁၆ သင်းရှုံးထွက်အဆင့်မဲခွဲမှုမှာ ဒီရပ်တည်မှုတွေက အကျိုးသက်ရောက်မှု မရှိလာနိုင်ပါဘူး။
အန်းစလော့က “ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်အကြောင်း နားလည်နိုင်ဖို့အတွက် အချိန်တစ်ခုယူခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်က ရာနှုန်းပြည့်သေချာတယ်ဆိုတဲ့ကိစ္စကိုတောင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းလောက် သေချာတယ်လို့ပဲ အမြဲတမ်းပြောပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့တွေ အမှတ်ပေးဇယား ပထမပဲဖြစ်ဖြစ်၊ ဒုတိယပဲဖြစ်ဖြစ် ဘာကိစ္စမှမရှိဘူးဆိုတာကို ရာနှုန်းပြည့်သေချာတယ်လို့ ပြောနိုင်ပါပြီ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အမှတ်ပေးဇယားအဆင့် ၁၅ မှ ၁၈ အထိ ရပ်တည်နိုင်တဲ့ အသင်းတစ်ခုနဲ့ ယှဉ်ပြိုင်သွားရပါလိမ့်မယ်။ အဆုံးမှာတော့ ကျွန်တော်တို့တွေ ဘယ်ပြိုင်ဘက်နဲ့ရင်ဆိုင်ရမလဲဆိုတာသိရဖို့ မဲခွဲမှုတစ်ခု ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အဆင့်-၃ အထိ မရောက်နိုင်တော့လို့ အခုအချိန်မှာ အဆင့်-၁ သို့မဟုတ် အဆင့်-၂ ဖြစ်သွားနိုင်တာကြောင့် အခုပွဲစဉ်က ကျွန်တော်တို့အတွက် သိပ်တော့ အရေးမကြီးတော့ပါဘူး။
ဒါပေမယ့် ပညာရှိကြီးတစ်ယောက်က ကျွန်တော့်ကို တစ်ခါတော့ ပြောခဲ့ဖူးပါတယ်။ ရှုံးနိမ့်တဲ့ပွဲစဉ်ဆီမှ ရရှိနိုင်တဲ့ ကောင်းတဲ့အရာ ဘာတစ်ခုမှမရှိပါဘူး။ ဒါကြောင့် မနက်ဖြန်ပွဲစဉ်ကို အရှုံးနဲ့ရင်ဆိုင်ရအောင် ကျွန်တော်တို့တွေ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ အမှန်ပါပဲ၊ အခုပွဲစဉ်ကို အနိုင်ရရှိဖို့ ကျွန်တော်တို့လုပ်နိုင်သမျှအရာရာတိုင်းကို လုပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ပီအက်စ်ဗွီက ရမှတ် ၁၁ မှတ်ဖြင့် အဆင့်-၁၉ နေရာမှာ ရပ်တည်နေပြီး လီဗာပူးကို မရှုံးနိမ့်ဘူးဆိုရင် အကြိုရှုံးထွက်ပွဲစဉ် သေချာပေါက်ကစားနိုင်ပါလိမ့်မယ်။