
ဗီလာရီးရဲလ်သို့ပြောင်းရွှေ့တော့မယ့် အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပါတေး
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအကုန်မှာ အာဆင်နယ်နဲ့စာချုပ်သက်တုန်းကုန်ဆုံးပြီးနောက် ၂ ဦးသဘောတူလမ်းခွဲခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် သောမတ်စ်ပါတေးဟာ ယခုအခါမှာတော့ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အာဆင်နယ်မှထွက်ခွာလာပြီးနောက် ၄ ရက်အကြာမှာပဲ ပါတေးဟာ အမျိုးသမီး ၂ ဦးအပေါ် အဓမ္မကျူးလွန်မှု ၅ ကြိမ်အထိပြုလုပ်ခဲ့ကြောင်းစွပ်စွဲခံခဲ့ရကာ တရားရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း ပါတေးကတော့ အဆိုပါစွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်ထားတာကြောင့် စုံစမ်းစစ်းဆေးမှုတွေ ဆက်လက်ပြုလုပ်နေရဆဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ပါတေးဟာ အဆိုပါအမှုနဲ့ပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် ကစားသမားအနေနဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ပါတေးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေပေမယ့် တစ်ဖက်မှာ ဗီလာရီးရဲလ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
သတင်းအရ ပါတေးဟာ ဆေးစစ်မှုတွေပြုလုပ်ထားတာကြောင့် မကြာခင်မှာပဲ စပိန်ကလပ်နဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ကစားသမားဟာ ဇွန်လကုန်၊ အာဆင်နယ်နဲ့လမ်းခွဲခဲ့ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာကြောင့် ဗီလာရီးရဲလ်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်မှာနေထိုင်စဉ်က ပါတေးဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိခဲ့ပေမယ့် အာဆင်နယ်ဘက်က စာချုပ်သက်တမ်းမတိုးဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နည်းပြမီခေးလ်အာတီတာကတော့ အာဆင်နယ်ဟာ ပါတေးနဲ့ပတ်သက်ပြီး ရာနှုန်းပြည့် တရားဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
ပါတေးဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အာဆင်နယ်အတွက် အဓိကကျတဲ့ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲအထိ ပါဝင်ကစားခဲ့ရပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ပါတေးဟာ အသင်းရဲ့လိုအပ်ချက်အရ ညာနောက်ခံနေရာမှာပါ ကစားခဲ့ရသူလည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အာဆင်နယ်သို့စတင်ရောက်ရှိလာခဲ့တဲ့ အက်သလက်တီကိုကြယ်ပွင့်ဟောင်းဟာ အသင်းအတွက် စုစုပေါင်း ၁၆၇ ပွဲကစားကာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။