အယ်လ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ ခရိုအေးရှားထံကနေ အများကြီးမျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဒါလစ်
ခရိုအေးရှား လက်ရွေးစင်နည်းပြ ဇလက်ကိုဒါလစ်က အယ်လ်ဘေးနီးယားနဲ့ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ အုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ အသင်းထံကနေ အများကြီးမျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်မှာ စပိန်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ခရိုအေးရှားအနေနဲ့ ယခုအယ်လ်ဘေးနီးယားနဲ့ပွဲမှာသာ ထပ်မရှုံးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထွက်ရဖို့ကသေချာသလောက်ဖြစ်နေတာကြောင့် မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားဖို့လိုအပ်နေတာဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာလည်း အယ်လ်ဘေးနီးယားက အဖွင့်ပွဲမှာ အီတလီကို ၂-၁ နဲ့ရှုံးနိမ့်ထားပြီး ဒီနေ့ပွဲမှာ ခြေကုန်ထုတ်ပြီး ရုန်းလာနိုင်တာကြောင့် ခရိုအေးရှားအတွက် လွယ်ကူတဲ့ပွဲစဉ်ဖြစ်လာဖို့တော့မရှိဘဲ ခက်ခဲတဲ့စမ်းသပ်မှုဖြစ်လာဖို့များနေပါတယ်။
ပွဲကြိုသတင်းဟာရှင်းလင်းပွဲမှာ ဒါလစ်က “အယ်လ်ဘေးနီးယားက စပိန်လိုအဆင့်အတန်းမျိုး မဟုတ်ပေမယ့် လေးစားမှုနဲ့ထိုက်တန်တဲ့အသင်းတစ်သင်းပါ။ သူတို့က စိတ်ဓာတ်ပြင်းထန်တဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားလို့ ကျွန်တော်တို့ အနေနဲ့လည်း စိတ်ရှည်ရှည်နဲ့သတိထားပြီး ကစားသွားဖို့လိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရည်မှန်းချက်က အနိုင်ရဖို့ဖြစ်တာကြောင့် ပိုပြီး စိတ်ဓာတ်ပြင်းထန်နိုင်မယ်လို့ထင်ပါတယ်။ စပိန်နဲ့ပွဲမှာ ကျွန်တော်တို့ အသာစီးကနေကစားပြီး အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့သလို၊ ဒီနေ့ပွဲမှာလည်း ပိုကောင်းလာမယ်လို့ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအတွက် ဒီပြိုင်ပွဲမှာ ပိုမိုခက်ခဲစေတဲ့အချက်တစ်ခုကတော့ အသင်းရဲ့ကွင်းလယ်လူ နီကိုလာဗလာဆစ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ပြိုင်ပွဲမှာပါဝင်နိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ သို့သော်လည်း ခရိုအေးရှားအနေနဲ့ ဒီပွဲမှာရှုံးနိမ့်ခဲ့ရင်တော့ သေချာပေါက်အဆုံးသတ်သွားမှာဖြစ်လို့ ခြေကုန်ထုတ်လာဖို့ရှိနေပါတယ်။
ဆက်လက်ပြီး အယ်လ်ဘေးနီးယားနည်းပြ ဆင်ဗင်ဟိုကလည်း “အီတလီနဲ့ပွဲမှာ ပထမ ၁၅ မိနစ်ကလွဲရင် ကျန်တဲ့ပွဲချိန်တစ်လျှောက်လုံး ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ယူရိုပြိုင်ပွဲရဲ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားခဲ့ရတာပါ။ ခရိုအေးရှားကလည်း စပိန်ကို ၃-၀ နဲ့ရှုံးခဲ့ရင်တောင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်ကိုမကြည့်ဘဲ ပွဲရဲ့အချက်အလက်တွေ အားလုံးကိုခြုံကြည့်မယ်ဆိုရင် ခရိုအေးရှားဒီလောက်အထိ ဂိုးပြတ်သွားတယ်ဆိုတာ ယုံနိုင်မှာတောင်မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအဆင့်ဘောလုံးပွဲတွေမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။