
ပါးမားကို ရှုံးနိမ့်ပြီးနောက် ဂျူဗင်တပ်စ်ကစားသမားတွေရဲ့ စိတ်ဓာတ်ပျော့ညံ့မှုကို တူဒေါ် ဝေဖန်
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပါးမားကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်နည်းပြ အီဂေါ်တူဒေါ်က အသင်းကစားသမားတွေရဲ့ စိတ်ဓာတ်ပျော့ညံ့မှုကို ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ ယခုပွဲမှာသာ အနိုင်ရရှိခဲ့ပါက အမှတ်ပေးဇယား အဆင့် ၄ နေရာသို့တက်လှမ်းနိုင်မှာဖြစ်ပေမယ့် အခွင့်အရေးကို အသုံးချနိုင်ခဲ့ခြင်းမရှိဘဲ အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ အဆင့် ၆ နေရာက လာဇီယိုကတော့ ဂျီနိုအာကို ၀-၂ နဲ့အနိုင်ရခဲ့တာကြောင့် ဂျူဗင်တပ်စ်နဲ့ ရမှတ်တူညီသွားခဲ့ပြီလည်းဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ဂျူဗင်တပ်စ်ဟာ ဖြတ်တင်ဘောအကြိမ်အရေအတွက် ၃၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့သလို၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်းဘောလုံးထိချက်ကလည်း ၃၉ ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ကန်သွင်းချက်ကတော့ ၂ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ပြီးခဲ့တဲ့လအတွင်း သီယာဂိုမော့တာရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ တူဒေါ်က အသင်းရဲ့ကြိုးစားအားထုတ်မှုအပေါ် ဝေဖန်လာခဲ့တာဖြစ်ပါတယ်။ တူဒေါ်က "ကျွန်တော်တို့ အဘက်ဘက်မှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြိုင်ဘက်ကို ဖိကစားခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ စိတ်ဓာတ်ပိုင်းပျော့ညံ့နေပြီး အလိုဆန္ဒတွေ နည်းနေကြပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ရင့်ကျက်လာဖို့လိုပါတယ်"
"ပါးမားက အသင်းကောင်းတစ်သင်းပါ။ ရိုးရှင်းတဲ့ဘောလုံးကစားဟန်နဲ့ ပြိုင်ဆိုင်ရခက်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ကျွန်တော်တို့ ဒီပွဲမှာ ဂိုးရဖို့ထိုက်တန်ခဲ့ပေမယ့် ကံမကောင်းစွာဘဲ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက ဂိုးရဖို့အတွက် မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီးလုပ်နိုင်ခဲ့ပါသင့်ပါတယ်။ ဒီလိုပွဲမျိုးမှာဂိုးမသွင်းနိုင်ရင် ရှုံးဖို့က အလားအလာများပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပါးမားအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်လီဂရီနိုက ပထမပိုင်းပြီးကာနီးမှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်ဟာ ၂၀၀၉-၂၀၁၀ ခုနှစ်နောက်ပိုင်း တစ်ရာသီအတွင်း ဦးဆောင်ဂိုး ၁၀ ကြိမ်အထိသွင်းယူခံရတဲ့ ပထမဆုံးရာသီနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဂျူဗင်တပ်စ်ဟာ စီးရီးအေပွဲစဉ်အဖြစ် မွန်ဇာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ရဖို့ ကြိုးစားသွားရပါမယ်။
ဆက်လက်ပြီး တူဒေါ်က "ဒီပွဲရဲ့ရလဒ်ကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ ကစားဖို့အတွက် ၅ ပွဲကျန်နေသေးပြီး အဲဒီပွဲတွေကနေ ရမှတ်တွေ တတ်နိုင်သလောက် ယူသွားပါမယ်။ ၄ ရက်အတွင်းမှာ နောက်ထပ်တစ်ပွဲကစားသွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။