ဒါဝင်နူနက်ဇ်ရဲ့စွမ်းဆောင်ရည်ကို သွင်းဂိုးတွေနဲ့ မဆုံးဖြတ်ဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် သွင်းဂိုးရှားပါးနေတဲ့တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို လီဗာပူးနည်းပြအန်းစလော့က ထောက်ခံအားပေးခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံသုံးဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ပြီးခဲ့တဲ့လ၊ အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း သူ့ရဲ့အခုရာသီနောက်ဆုံးဂိုးကို ရယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ဥရုဂွေးသားက အခုရာသီ၊ အင်္ဂလန်ထိပ်တန်းလိဂ်မှာ အနီရောင်တပ်သားတွေအတွက် ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေးကောင်းသုံးကြိမ်ကို ဖြုန်းတီးခဲ့ပြီး မိုဆာလက်(၉ ကြိမ်)၊ ဂျိုတာ(၅ ကြိမ်)တို့သာ သူ့ထက် အခွင့်အရေးကောင်းဖြုန်တီးမှု ပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဂျီရိုနာကို အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဒါဝင်နူနက်ဇ်က ဂိုးပေါက်တည့်ကန်ချက်နှစ်ကြိမ်ဖြင့် ဂိုးကန်သွင်းမှုအများဆုံးပူးတွဲကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် သွင်းဂိုးတော့ မရရှိခဲ့ပါဘူး။
ဒါပေမယ့် အန်းစလော့ကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ အသင်းကို အခြားသောနည်းလမ်းဖြင့် ပံ့ပိုးကူညီပေးနေပြီး ဥရုဂွေးသားရဲ့စွမ်းဆောင်ရည်ကို သွင်းဂိုးတွေအပေါ်မူတည်ကာ ဆုံးဖြတ်သွားရန်မရှိဘူးလို့ ရှင်းပြပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အန်းစလော့က “ကျွန်တော့်အတွက်တော့ ဒါဝင်နူနက်ဇ်မှာ အကျိုးသက်ရောက်မှုတစ်ခု ရှိပါတယ်။ သွင်းဂိုးတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ သူက ဆန္ဒရှိသလောက် ဂိုးမသွင်းနိုင်သေးပါဘူး(သို့မဟုတ်)ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့်တိုက်စစ်မှူးတစ်ဦး လိုချင်နေတာပါ။
ဒါပေမယ့် လုပ်အားနှုန်းနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုတစ်ခု သူ့မှာ ရှိပါတယ်။ ဒါက အခြားပြိုင်ဘက်အသင်းတွေအတွက် အခွင့်အရေးရရှိစေတာမဟုတ်ဘဲ ကျွန်တော်တို့အတွက် ဘောလုံးဆုံးရှုံးသွားချိန် အားမာန်အပြည့်နဲ့ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရရှိအောင်၊ အခွင့်အရေးတွေဖန်တီးနိုင်အောင် ကူညီပေးပါတယ်။
ဒါဝင်နူနက်ဇ်က ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့တဲ့၊ နိုင်ပွဲတွေအများကြီးရယူနိုင်တဲ့ အသင်းတစ်ခုရဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် ဂိုးတွေလည်း သွင်းယူချင်မှာပါပဲ။ ဒါကို သူလုပ်ပြချင်နေတာ သေချာပါတယ်။ ကျွန်တော်ကတော့ မိုဆာလက်ပဲဖြစ်ဖြစ်၊ ဒါဝင်နူနက်ဇ်ပဲဖြစ်ဖြစ် သွင်းဂိုးမှတ်တမ်းတွေနဲ့ အကဲဖြတ်မှာမဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့လုပ်အားနှုန်းနဲ့ အသင်းဆီယူဆောင်ပေးနိုင်တဲ့ အရာတွေအပေါ်မှာပဲ အကဲဖြတ်ပါမယ်။ သူက ကျွန်တော်တို့အသင်းအတွက် ဂိုးတွေမသွင်းယူနိုင်ခြင်းမှလွဲ၍ အခုအချိန်အထိ အပေါင်းလက္ခဏာဆောင်နေတုန်းပါပဲ။
ပရိသတ်တွေက သူ့ကို အရမ်းအားပေးနေတာကြောင့် ဖြစ်နိုင်သလို သူကိုယ်တိုင်လည်း ပရိသတ်တွေအတွက်ရော၊ သူ့အတွက်ပါ ဂိုးတွေသွင်းယူချင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကစားသမားတိုင်းက ကျွန်တော်တို့အသင်းပရိသတ်တွေရဲ့အားပေးမှုကို သိရှိနေပေမယ့် ဒါဝင်နူနက်ဇ်လည်း ကျွန်တော်တို့ရဲ့ကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်”လို့ ပြောပါတယ်။