
ဘုန်းမောက်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မဲခွဲမှုရလဒ်များ
အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မဲခွဲမှုကို ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ရာ ဆုဖလားလက်မဲ့ဘောလုံးရာသီမဖြစ်လာစေရေးကြိုးစားနေတဲ့ နာမည်ကြီးမန်စီးတီးအသင်း နောက်ထပ်ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်သွားရဖို့ ရှိလာပါတယ်။ လက်ရှိချန်ပီယံမန်ချက်စတာယူနိုက်တက်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်တက်လှမ်းလာတဲ့ ဖူလ်ဟမ်ကတော့ နောက်ထပ်လန်ဒန်မြို့ခံပြိုင်ဘက်ကလပ်အသင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ယမန်နေ့၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ဖူလ်ဟမ်က အိမ်ရှင်ယူနိုက်တက်ကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုအဆင့်မှာ ဗိုလ်စွဲဖို့ရေပန်းစားမှုအနည်းဆုံးဖြစ်တဲ့ ချန်ပီယံရှစ်ကလပ် ပရက်စတန်ကတော့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
ယမန်နေ့၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်နောက်တစ်ခုဖြစ်တဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်မှာတော့ အိမ်ရှင်နယူးကာဆယ်ကို ဧည့်သည့်ဘရိုက်တန်က အချိန်ပိုအထိကစားပြီး ၁-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ဘရိုက်တန်က ဒီညကစားမယ့် နော်တင်ဟမ်ဖောရက်စ် vs အစ်ဆွစ်ချ်ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်ရင်ဆိုင်သွားရပါမယ်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို မတ်လနောက်ဆုံးပတ်မှာ ယှဉ်ပြိုင်ကစားသွားကြဖို့ စီစဉ်ထားပါတယ်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မဲခွဲမှုရလဒ်များ
------------------------------------------------------------
ဘုန်းမောက် vs မန်စီးတီး
ဘရိုက်တန် vs နော်တင်ဟမ်ဖောရက်စ် (or) အစ်ဆွစ်ချ်
ပရက်စတန် vs အက်စတွန်ဗီလာ
ဖူလ်ဟမ် vs ခရစ္စတယ်ပဲလေ့စ်