The network connection is lost.

Banner Image

အသင်းကစားသမားတွေနဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်

လက်စ်ပါးမားကို အံ့အားသင့်ဖွယ်ရှုံးနိမ့်မှုအပြီး ဟန်စီဖလစ်ခ်က ဘာစီလိုနာအသင်းကစားသမားတွေနဲ့အတူ တစ်နာရီကြာအရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သလို လေ့ကျင့်ရေးကွင်းမှာလည်း လီဝန်ဒေါစကီးရဲ့စွမ်းဆောင်ရည်ပိုင်းကို အဓိကစောင့်ကြည့်သုံးသပ်ခဲ့ပါတယ်။

Marca သတင်းဌာနရဲ့အဆိုအရ လက်စ်ပါးမားကို အံ့အားသင့်ဖွယ် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်မှုအပြီး ဘာစီလိုနာအသင်းနည်းပြဟန်စီဖလစ်ခ်က အသင်းလူစာရင်းနဲ့အတူ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းက လတ်တလောမှာ ရီးရဲလ်ဆိုစီဒက်ကို ရှုံးနိမ့်ပြီး ဆယ်လ်တာဗီဂိုနဲ့သရေကျထားတဲ့ ကတ္တလန်သားတွေအတွက် တုန်လှုပ်ခြောက်ခြားစရာရလဒ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့တွေက အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေပေမယ့် ဟန်စီဖလစ်ခ်ကတော့ လက်စ်ပါးမားနဲ့ပွဲစဉ်အတွင်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ပြန်လည်စိစစ်သုံးသပ်နေခဲ့လို့ လေ့ကျင့်ရေးအချိန် တစ်နာရီကြာနောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

Marca ရဲ့သတင်းမှာပဲ လေ့ကျင့်ရေးကွင်းအတွင်း ဟန်စီဖလစ်ခ်က လီဝန်ဒေါစကီးကို မျက်နှာချင်းဆိုင်တစ်ဦးချင်းပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးက ဆိုစီဒက်၊ လက်စ်ပါးမားတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေခဲ့ပြီး ဆယ်လ်တာဗီဂိုနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာတော့ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက အခုရာသီ၊ လာလီဂါ ၁၅ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းရဲ့အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်ရေးခရီးလမ်းမှာ အဓိကအချက်အချာကျတဲ့ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာ ဘာစီလိုနာက မဟာပြိုင်ဘက်ကြီးရီးရဲလ်မက်ဒရစ်ထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် လာလီဂါလက်ရှိချန်ပီယံတွေက ပွဲကျန်တစ်ပွဲ ကစားရဖို့ရှိနေသေးလို့ အမှတ်ပေးချန်ပီယံပြေးလမ်းမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုပြုလုပ်နိုင်တဲ့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဟန်စီဖလစ်ခ်က သူ့ရဲ့အသင်းကို အမှားတွေအပေါ် ပြန်လည်သုံးသပ်မှုပြုလုပ်ရန်နဲ့ နောက်တစ်ကြိမ်ထပ်မကျူးလွန်မိစေရန် သေချာဂရုစိုက်လုပ်ဆောင်သွားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဘာစီလိုနာက အခုသီတင်းပတ်ကုန်၊ ဘက်တစ်နဲ့ အဝေးကွင်းမှာရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ကြားရက်ပွဲစဉ်အဖြစ် မာယော့ကာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။