အူနိုင်းအမ်မရီလက်အောက်မှာ အက်စတွန်ဗီလာက ဘာမဆိုဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောဆိုလိုက်တဲ့ အလန်ရှီးယား
ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟောင်း အလန်ရှီးယားက နည်းပြအူနိုင်းအမ်မရီလက်အောက်မှာ အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတောင် စိန်ခေါ်နိုင်လောက်တဲ့အထိ ဘာမဆိုဖြစ်လာနိုင်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာဟာ ချဲလ်ဆီးကို နောက်ကနေလိုက်ကစားပြီး ၁-၂ နဲ့အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် ၃ မှတ်သာကွာဟနေတာဖြစ်ပါတယ်။
ယခုအခါ ဘီဘီစီနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အလန်ရှီးယားက "အခုဆိုရင် ရာသီတစ်ဝက်ကုန်သွားပါပြီ။ ဒီအချိန်မှာ အက်စတွန်ဗီလာအနေနဲ့ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်ပြီလို့ပြောလို့ရပါတယ်။ သူတို့အနေနဲ့ ဆုဖလားကိုဆွတ်ခူးသွားနိုင်မလားဆိုရင်တော့ မဟုတ်သေးပါဘူး။ ဒါက သူတို့မှာရှိတဲ့လူစာရင်းအပေါ်မူတည်နေပါတယ်။ ဒါပေမယ့် အူနိုင်းအမ်မရီလက်အောက်မှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်"
"ပွဲအပေါ်သူ့ရဲ့စီမံခန့်ခွဲနိုင်စွမ်းက အံ့မခန်းပါပဲ။ ဒီပွဲမှာလည်း သူက အရမ်းကောင်းတဲ့လူစားလဲမှု ၃ ခုပြုလုပ်ခဲ့ပြီး ပွဲရဲ့အခြေအနေကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ အက်စတွန်ဗီလာရဲ့ကစားပုံက သိပ်မကောင်းခဲ့ပေမယ့် ဒုတိယပိုင်း အိုလီဝက်ကင်းစ်၊ ဂျေဒန်ဆန်ချိုနဲ့ အာမာဒူအိုနာနာတို့ဝင်လာချိန်မှာတော့ ပွဲကကြည့်ကောင်းသွားခဲ့ပါတယ်"
"အက်စတွန်ဗီလာက ဘယ်ချိန်ရှုံးမယ်ဆိုတာကို မသိလောက်တော့တဲ့အထိ အခြေအနေကောင်းနေတာပါ။ သူတို့ရာသီအစမှာ အတော်လေးရုန်းကန်ခဲ့ရပေမယ့် အခုဆိုရင် ကလပ်ရဲ့စံချိန်တွေကိုတောင် ချိုးဖျက်နေပါပြီ။ အဆင့် ၅ နေရာကအသင်းနဲ့လည်း ၁၀ မှတ်အထိကွာနေတာပါ။ ဒါက အမ်မရီကိုကျေနပ်စေမှာသေချာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗီလာက အရမ်းကောင်းတဲ့ပုံစံကိုပြသထားနိုင်တယ်ဆိုတာ လက်ခံရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အက်စတွန်ဗီလာဟာ အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကအတိုင်း ထပ်မံအနိုင်ရခဲ့မယ်ဆိုရင်တော့ အာဆင်နယ်နဲ့ရမှတ်တူသွားမှာဖြစ်ပါတယ်။