ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း စီးရီးအေတန်းတက် ကိုမိုအသင်းကြေညာ
စီးရီးအေထံ တန်းတက်လာတဲ့ ကိုမိုအသင်းဟာ ဆက်စ်ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ကိုမိုအတွက် နည်းပြချုပ်အဖြစ် ယာယီတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နည်းပြ ရောဘတ်စ်အတွက် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်းဟာ ယခုအချိန်မှာတော့ စီးရီးအေထံ တိုက်ရိုက်တန်းတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကိုမိုအသင်းရဲ့ နည်းပြအဖြစ် ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ရောဘတ်စ်ကတော့ အသင်းတိုးတက်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။
ဖာဘရီဂတ်စ်က "ကျွန်တော် ဒီရာသီကို စတင်ရမှာ ဝမ်းသာနေပြီး ဒီလိုနည်းပြနေရာကို ယုံကြည်ပေးတဲ့အတွက် ဘုတ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအသင်းရဲ့ရည်မှန်းချက်တွေကို မျှဝေနိုင်ပြီဖြစ်ပြီး အခုရောက်နေတာက ဒီအသင်းရဲ့အစပဲရှိသေးတယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်က ခက်ခဲပြီး အရေးပါတဲ့ ရာသီတစ်ခုဖြစ်လာမှာ ဖြစ်ပေမယ့် ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်အားလုံးက လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်"လို့ ပြောခဲ့ပါတယ်။
ကိုမိုအသင်းဟာ တန်းတက်လာပြီးနောက် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေကာ ယူနိုက်တက်ခံစစ်မှူးဟောင်း ဗာရာနီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ကိုမိုအသင်းဟာ ယနေ့ညမှာ လက်စ်ပါးမက်စ်နဲ့ ရာသီကြိုခြေစမ်းပွဲ စတင်ကစားမှာဖြစ်ပြီး ဖာဘရီဂတ်စ်ရဲ့အရည်အသွေးတွေကို စတင်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။