The network connection is lost.

Banner Image

ခြေစမ်းပွဲမှာ ဆီနီဂေါကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အင်္ဂလန်

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ အင်္ဂလန်ဟာ ဆီနီဂေါကို ၁-၃ နဲ့အရေးနိမ့်ခဲ့ပြီး အာဖရိကအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၂၁ ပွဲအတွင်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အင်္ဂလန်အတွက်ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ပွဲအစ ၇ မိနစ်မှာပဲ စတင်သွင်းယူပေးခဲ့တာဖြစ်ပေမယ့် ဆီနီဂေါက နောက်ကနေလိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူခဲ့ပါတယ်။  ဆီနီဂေါအတွက်ဂိုးတွေကိုတော့ အစ္စမိုင်လာဆား၊ ဟာဘစ်ဒီယာရာနဲ့ ရှိတ်ဆာဘာလီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အန်ဒိုရာကို ၁-၀ နဲ့သာအနိုင်ရခဲ့တာကြောင့် အသင်းသားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်လ်အတွက် ယခုရှုံးပွဲဟာ စိတ်ပျက်စရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ 

ဂျာမန်သားနည်းပြဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အတွက် အောင်မြင်မှုရရှိအောင်စွမ်းဆောင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် ယခုအခါမှာတော့ ပထမဆုံးကိုင်တွယ်တဲ့ ပွဲစဉ် ၄ ပွဲမြောက်မှာတင် ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။  ပွဲအပြီးမှာ ဟယ်ရီကိန်းက "ကျွန်တော်တို့ လုံလောက်အောင်မကောင်းခဲ့ပါဘူး။ ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် တည်ငြိမ်တဲ့ကစားပုံကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ပုံမှန် နိုင်ပွဲဆာလောင်စိတ်မျိုးလည်း ဒီပွဲမှာမရှိခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ တူချယ်လ်ဟာ အသင်းရဲ့လူစာရင်းကို ကစားသမား ၁၀ ဦးအထိအပြောင်းအလဲပြုလုပ်ထားခဲ့တာဖြစ်ပြီး ကိန်းတစ်ယောက်တည်းကိုသာ မပြောင်းမလဲဘဲ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်ဟာ ဆီနီဂေါကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့ဖူးပေမယ့် ယခုအခါမှာတော့ ခြေစမ်းပွဲမှာ ပြန်ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ 

ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အင်္ဂလန်ပရိသတ်တွေအနေနဲ့လည်း နည်းပြတူချယ်လ်ကို လှောင်ပြောင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပြီး အသင်းကနေထွက်သွားဖို့ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ လာမယ့်စက်တင်ဘာလမှာတော့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် အန်ဒိုရာ၊ ဆားဘီးယားတို့နဲ့ ထပ်မံယှဉ်ပြိုင်သွားရပါမယ်။