The network connection is lost.

Banner Image

သူ့ကိုပေးထားတဲ့ နာမည်ပြောင်တွေထဲမှ အကြိုက်ဆုံးတစ်ခုကို ဖွင့်ဟလာတဲ့ တိုမီနေး

နာပိုလီကွင်းလယ်လူ စကော့မက်တိုမီနေးက အသင်းပရိသတ်တွေ သူ့ကိုပေးထားတဲ့ အီတလီနာမည်ပြောင်တွေထဲမှ အကြိုက်ဆုံးနာမည်ပြောင်တစ်ခုကို ရွေးချယ်ပြောပြလာခဲ့ပါတယ်။ တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ နာပိုလီဟာ တိုမီနေးရဲ့ဂိုးတွေနဲ့ တိုရီနိုကိုအနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။ စကော့တလန်လက်ရွေးစင်ဟာ ၂၀၂၄ နွေရာသီမှာ ငယ်ဘဝကလပ် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီး အီတလီမြေသို့ စတင်ခြေချခဲ့တာဖြစ်ပါတယ်။ 

တိုမီနေးအနေနဲ့ ယူနိုက်တက်မှာခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် နာပိုလီမှာတော့ အမြင့်ဆုံးခြေစွမ်းကိုပြသထားနိုင်တာလည်းဖြစ်ပါတယ်။ ယခုရာသီမှာ ကစားသမားဟာ နာပိုလီအတွက် စီးရီးအေ ၁၁ ဂိုးအထိသွင်းယူပေးထားပြီး တိုရီနိုက ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ကစားသမားဟာ တိုရီနိုမှာကစားခဲ့တဲ့ ယူနိုက်တက်ဂန္ထဝင် ဒန်းနစ်လောရဲ့ စီးရီးအေသွင်းဂိုးကိုကျော်ဖြတ်ပြီး ၁၁ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုမီနေးဟာ ချာလီအဒမ်နောက်ပိုင်း ဥရောပ ထိပ်သီး ၅ လိဂ်မှာ ၁ ပွဲအတွင်း ၂ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး စကော့တလန်လူမျိုးလည်းဖြစ်ခဲ့ပါတယ်။ တိုမီနေးက နာပိုလီအတွက် တောက်လျှောက်ခြေစွမ်းပြနေသလို၊ အသင်းရဲ့ပရိသတ်တွေကလည်း ကစားသမားကို မက်တာမနေတာ၊ မက်ဂိုင်ဗာ၊ ဘော်တယ်အိုပန်နာ၊ မက်ဖရတ်မ် စသဖြင့် နာမည်ပြောင်တွေအမျိုးမျိုးပေးပြီး ချစ်စနိုးခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ တိုမီနေးက "ကျွန်တော့်အတွက်အကောင်းဆုံးနာမည်ပြောင်ကတော့ မက်ဖရတ်မ်ပါ" လို့ပြောကြားခဲ့ပါတယ်။ ဖရတ်မ်ဆိုတာ အီတလီဘာသာစကားနဲ့ ညီအစ်ကိုလို့အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီး တိုမီနေးက "လွန်ခဲ့တဲ့ ၂ နှစ်က ဒီအသင်း စီးရီးအေဖလားကို ဆွတ်ခူးခဲ့ပါတယ်။ အခုလည်း ထပ်ပြီးဆွတ်ခူးနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ကျွန်တော်တို့က ပြိုင်ပွဲကို ဦးဆောင်နေတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းအထင်ကြီးနေလို့မရပါဘူး။ တည်ငြိမ်နေဖို့လိုပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းစီတိုင်းကို ဂရုစိုက်သွားဖို့လိုပါတယ်။ လာမယ့်ပွဲစဉ်ထက် အရေးကြီးတာမရှိပါဘူး။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရာသီကုန်ဖို့ ၄ ပွဲကျန်ချိန်မှာ နာပိုလီဟာ အီတလီစီးရီးအေအမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ နာပိုလီဟာ လက်ချီကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလား စေင့်ကြည့်ရပါမယ်။