The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့ အချိတ်အဆက်ရှိနေဆဲဖြစ်ကြောင်း ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒို အခိုင်အမာဆို

ပေါ်တူဂီအသင်းနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်က မိမိ နဲ့ ရော်နယ်ဒိုတို့ကြား အချိတ်အဆက်ရှိနေဆဲဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အရန်ခုံထားခဲ့တဲ့ မိမိရဲ့ဆုံးဖြတ်ချက်ကို ရော်နယ်ဒိုက လေးစားခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။တောင်ကိုရီးယားနဲ့ပွဲမှာ လူစားလဲခဲ့ပြီးနောက် ဒေါသထွက်ခဲ့တဲ့ရော်နယ်ဒိုကို ဆွစ်ဇာလန်နဲ့ ၁၆ သင်းအဆင့်ပွဲမှာ အရန်ခုံထိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဂွန်ကာလိုရာမို့စ်က ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုတစ်ယောက် မော်ရိုကိုနဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အဆိုပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဆန်းတို့စ်က ရော်နယ်ဒိုဟာ မိမိဆုံးဖြတ်ချက်ကို လေးစားကြောင်း နဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆန်းတို့စ်က အင်တာဗျူးတစ်ခုမှာ “ရော်နယ်ဒိုက တကယ့်ကစားသမားကောင်းတစ်ဦးဖြစ်သလို ၂၀၀၄ နောက်ပိုင်းကတည်းက  ကျွန်တော်တို့ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိနေပါတယ်။  သူ့ကိုအရန်ခုံထိုင်ခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်ကို သူက လေးစားပါတယ်။ ပြီးတော့ ကျွန်တော်တို့ကြားမှာ အဆက်အသွယ်ရှိနေဆဲပါ”လို့ ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ထပ်မံပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ပေါ်တူဂီဟာ မတ်လမှာ ဒိန်းမတ်အသင်းနဲ့နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။