
အာဆင်နယ်ရဲ့တိုက်စစ်မှူးပြဿနာနဲ့ပတ်သက်ပြီး အခိုင်အမာပြောကြားလာတဲ့ နစ္စတယ်ရွိုင်းလ်
စနေနေ့မှာကန်မယ့် လက်စတာနဲ့ပွဲမတိုင်ခင် လက်စတာနည်းပြ နစ္စတယ်ရွိုင်းလ်က အာဆင်နယ်မှာ ဟာဗက်ဇ်မရှိတော့ပေမယ့် လုံလောက်တဲ့လူအင်အားရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဟာဗက်ဇ်တစ်ယောက် ဒူဘိုင်းလေ့ကျင့်ခန်းအစီအစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် လက်ကျန်ရာသီကို လွဲချော်မယ်လို့ အာဆင်နယ်ဘက်က အတည်ပြုခဲ့ပါတယ်။
ဂျီးဆပ်စ် နဲ့ ဆာကာတို့ ဒဏ်ရာရရှိနေသလို မာတီနယ်လီကလည်း မကြာသေးခင်က ဒဏ်ရာရရှိခဲ့တဲ့အနေအထားမှာ အခုလည်း ဟာဗက်ဇ်ပါ ဒဏ်ရာရလူစာရင်းထဲ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့မှာ လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နစ္စတယ်ရွိုင်းလ်က ပြိုင်ဘက်အာဆင်နယ်မှာ ရွေးချယ်စရာတွေများပြားတယ်လို့ ထောက်ခံခဲ့ပါတယ်။
“ကောင်းပါပြီ။ အာဆင်နယ်က လူအင်အားအများကြီးရှိနေပါတယ်။ ယေဘုယျအားဖြင့် ဆာကာ နဲ့ ဟာဗက်ဇ်မရှိချိန်မှာတော့ သူတို့မှာ ထိပ်တန်းကစားသမားတွေရှိနေဆဲပါလူအင်အားကိုကြည့်လိုက်မယ်ဆိုရင် သူတို့မှာ အစားထိုးနိုင်မယ့်ကစားသမားတွေ တန်းစီရှိနေပါတယ်။ အဲ့တာက ကျွန်တော်တို့နဲ့ အာဆင်နယ်ကြားမှာ ကြီးမားတဲ့ခြားနားချက်ပါ။ ခင်ဗျား အမှတ်ပေးဇယားကိုကြည့်ရင်လည်း မြင်နိုင်ပါတယ်။
အာဆင်နယ်က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ တစ်ခုခုတော့ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်” နစ္စတယ်ရွိုင်းလ်က ပြောကြားခဲ့ပါတယ်။ နစ္စတယ်ရွိုင်းလ်က အာဆင်နယ်ရဲ့ဒီရာသီတည်ကန်ဘောစွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။ “သူတို့ တည်ကန်ဘောတွေကနေ ဂိုးရယူရာမှာ အရမ်းအောင်မြင်ပါတယ်။ ဒါပေမယ့် အဲ့တာတင်မဟုတ်ပါဘူး။ ဘောလုံးမှာ တိုးတက်မှုတွေကို ခင်ဗျားမြင်နိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ တည်ကန်ဘောတွေ နဲ့ တည်ကန်ဘောနည်းပြတွေ သူတို့စွမ်းဆောင်ရည်တွေက အများကြီးတိုးတက်လာပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ အခုလိုမျိုး သေချာလေ့ကျင့်ထားမယ်ဆိုရင် တကယ့်ပွဲတွေမှာ ပွဲအဖြေကိုပြောင်းလဲပေးနိုင်ပါတယ်။ အာဆင်နယ်က အခုအဲ့အပိုင်းမှာ ထူးချွန်နေတာပါ”လို့ လက်စတာနည်းပြ ချီးကျူးခဲ့ပါတယ်။