ယူနိုက်တက်မှ ထွက်ခွာခဲ့ရလို့ အလွန်စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားလာတဲ့ နစ္စတယ်ရွိုင်း
လက်စတာနည်းပြသစ် ဗန်နစ္စတယ်ရွိုင်းက မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခဲ့ရလို့ အလွန်နာကျင်ခဲ့ရကြောင်းနဲ့ စိတ်ပျက်မိခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
မန်နေဂျာအဲရစ်တန်ဟက် ထုတ်ပယ်ခံလိုက်ရပြီးနောက် နည်းပြသစ် ရူဘင်အာမိုရင်ကို မခန့်အပ်မီ ကြားကာလမှာ ယူနိုက်တက်ဟာ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို ယာယီနည်းပြရာထူးပေးအပ်ခဲ့ပြီး အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ နယ်သာလန်သားလက်အောက်မှာ ယူနိုက်တက်ဟာ ၄ ပွဲကစား ၃ ပွဲအထိအနိုင်ရခဲ့သလို၊ တိုးတက်မှုတွေလည်းရှိခဲ့ပေမယ့် အာမိုရင်ရောက်ရှိလာချိန်မှာတော့ နစ္စတယ်ရွိုင်းဟာ ယာယီနည်းပြရာထူးသာမက လက်ထောက်နည်းပြရာထူးကိုပါ စွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာ တိုက်စစ်မှူးဟောင်းက “ကျွန်တော် ယူနိုက်တက်မှာ ယာယီနည်းပြရာထူးကို ခန့်အပ်ခံခဲ့ရတုန်းက ကျွန်တော်ယူနိုက်တက်မှာရှိနေတာ အသင်းကို ကူညီပေးဖို့ဆိုတာ ပြောခဲ့ပါတယ်။ ဒါကြောင့် အသင်းကနေ ထုတ်ပယ်ခံလိုက်ရချိန်မှာ အတော်လေးဝမ်းနည်းစိတ်ပျက်မိခဲ့ပါတယ်။ ယူနိုက်တက်မှာ လက်ထောက်နည်းပြအနေနဲ့ ထမ်းဆောင်ခဲ့တာကလည်း အသင်းမှာရှိနေတဲ့ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ကျွန်တော်က အရမ်းရင်းနှီးမှုရှိနေလို့ပါ။ နည်းပြသစ်ရောက်လာတော့ ကျွန်တော်ထွက်ခွာခဲ့ရပါတယ်။ အခုချိန်မှာတော့ ကျွန်တော်က ကိုယ့်ဘဝရဲ့ မန်နေဂျာပဲဆိုတာ နားလည်သွားပါပြီ”
“ကျွန်တော် အာမိုရင်နဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားက စကားတွေက ယောက်ျားအချင်းချင်း၊ လူအချင်းချင်း၊ မန်နေဂျာအချင်းချင်းပြောခဲ့တဲ့စကားတွေပါပဲ။ ဒီလိုစကားပြောခဲ့ရလို့ ရှေ့ဆက်နိုင်ဖို့ အများကြီးအကူအညီဖြစ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်၊ ဆာဘော်ဘီရော်ဆင်၊ ဖာဘီယိုကာပယ်လိုတို့နဲ့ အလုပ်တွဲလုပ်ဖူးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြဘဝရော ကစားသမားဘဝပါ ဖြတ်သန်းခဲ့ဖူးတဲ့ နစ္စတယ်ရွိုင်းအနေနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ စွမ်းရည်တွေကို ကောင်းကောင်းသိနေသူဖြစ်ပါတယ်။ ယခုအခါမှာတော့ အသက်-၄၈ နှစ်အရွယ် နည်းပြဟာ လက်စတာမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့သွားတော့မှာဖြစ်ပြီး ဘယ်လိုတွေစွမ်းဆောင်ပြနိုင်မလဲ စောင့်ကြည့်သွားရပါမယ်။ လက်စတာကစားသမားတွေနဲ့ ဘယ်လိုအလုပ်လုပ်သွားမလဲလို့ မေးမြန်းရာမှာ နယ်သာလန်သားက “အပြန်အလှန်လေးစားမှုရှိဖို့က အလုပ်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ကစားသမားတွေနဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုတွေအများအပြား ကြိုတင်ပြုလုပ်ခဲ့ပါတယ်။
သူတို့အကြောင်းကို စုံစမ်းခဲ့တာပေါ့။ ဘောလုံးမှာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြပါတယ်။ ၂ ခေါက် ၃ ခေါက်လောက်ဖုန်းခေါ်လိုက်ရုံနဲ့ အသင်းမှာရှိနေတဲ့ ကစားသမား အယောက် ၂၀ လောက်ရဲ့ ရာဇဝင်တွေနဲ့ အကြောင်းအရာတွေကို သိခဲ့ရပါတယ်။ ဒီလိုတွေသိထားဖို့ကလည်း အရမ်းအရေးကြီးပါတယ်” လို့ဖြေကြားခဲ့ပါတယ်။