
ဘုန်းမောက်ကို သရေကျပြီးနောက် ယူနိုက်တက်တိုးတက်ဖို့လိုအပ်နေတဲ့နေရာကို ထောက်ပြလာတဲ့ အာမိုရင်
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တိုးတက်ဖို့လိုအပ်နေတဲ့ ဧရိယာကို ထောက်ပြပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘုန်းမောက်အတွက်ဦးဆောင်ဂိုးကို ပထမပိုင်းမှာပဲ ဆီမီညိုက စတင်သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ချေပဂိုးရဖို့ အသည်းအသန်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်း မိနစ် ၇၀ မှာ ဘုန်းမောက်တိုက်စစ်မှူး အီဗန်နယ်လ်ဆန် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံလိုက်ရတာကြောင့် ယူနိုက်တက်တို့ ကစားသမား ၁ ယောက်အသာနဲ့ကစားနိုင်ခဲ့ပြီး ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ချေပဂိုးကိုတော့ ကာလရှည်ဂိုးပေါက်ပျောက်နေခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက နာကျင်အချိန်ပို ၉၀+၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် သရေရလဒ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုသရေပွဲနဲ့အတူ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အာမိုရင်က အသင်းဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေကြောင်းကို "ကျွန်တော်တို့ သရေတစ်မှတ်နဲ့ထိုက်တန်ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ကန်ချက်တွေလည်း အများကြီးရခဲ့ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ သရေတစ်မှတ်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ပွဲပြီးကာနီး မိနစ် ၂၀ လောက်အတွင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ ပြိုင်ဘက်ကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ တိုးတက်ဖို့လိုအပ်နေတာတွေရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။