
ရာသီသစ်အတွက် ယုံကြည်ချက်အပြည့်ရှိနေကြောင်းပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယခုနွေရာသီအတွင်း အသင်းဟာ ကစားသမားသစ်တွေနဲ့ အင်အားဖြည့်တင်းထားပြီဖြစ်တာကြောင့် ရာသီသစ်မှာ အရင်ကထက်ပိုပြီးတော့ ယုံကြည်ချက်ပြည့်ဝနေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အာမိုရင်က အဆိုပါပွဲစဉ်မှာ အသင်းအနေနဲ့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက “ဒီပွဲမှာ ကျွန်တော်တို့ဘာတွေလုပ်ပြနိုင်မလဲဆိုတာတော့ ကြိုသိဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄ ပတ်အတွင်းမှာ ကျွန်တော်တို့ အရာရာကိုပြောင်းလဲနိုင်မှာမဟုတ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းလာပါပြီ။ လေ့ကျင့်ရေးကွင်းမှာ ပိုပြီးတော့ကြိုးစားလာကြသလို၊ ပိုပြီးတော့လည်း ကောင်းလာကြပါတယ်။ ဒါကြောင့် အရင်ကထက်ပိုပြီးတော့ ယုံကြည်ချက်ရှိနေကြပါတယ်”
“အသင်းမှာကစားသမားသစ်တွေလည်းရှိနေပြီး သူတို့နဲ့ တကယ့်ပြိုင်ပွဲထဲမှာ နားလည်မှုတည်ဆောက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ သူတို့ကလည်း အသင်းနဲ့လိုက်လျောညီထွေဖြစ်နေဖို့ အာရုံစိုက်နေမှာပါ။ တစ်ဆင့်ချင်းစီ တိုးတက်လာဖို့လိုအပ်ပေမယ့် ယုံကြည်ချက်ကတော့ အပြည့်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ယခု အာဆင်နယ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုကလည်း ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ကစားသွားဖွယ်ရှိနေပြီး တစ်ချိန်တည်းမှာပဲ အသစ်ခေါ်ယူထားခဲ့တဲ့ မားသီးယက်စ်၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဒီယေဂိုလီယွန်တို့ကလည်း ကြံ့ခိုင်မှုပြည်ဝနေကြပါတယ်။ ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ ဘရိုက်တန်ကြယ်ပွင့် ကားလို့စ်ဘာလီဘာကိုချိတ်ဆက်ခဲ့သေးပေမယ့် ယခုနွေရာသီမှာတော့ ခေါ်ယူနိုင်ဖို့မရှိတော့ဘူးလို့သိရပါတယ်။
ဆက်လက်ပြီးအာမိုရင်က “ကျွန်တော်တို့ ဥရောပပြိုင်ပွဲမှာ ပြန်ကစားချင်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်လိုနည်းပြတစ်ယောက်အတွက် ဒီလိုပြောရတာခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်းရဲ့အခြေအနေအရ ပရိသတ်တွေအတွက် အမှန်တရားတွေလည်း ချပြရပါဦးမယ်။ ဒီလိဂ်မှာအသင်းကောင်းတွေအများကြီးရှိနေတာကြောင့် ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားဖို့လိုအပ်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။