
ယူနိုက်တက်ဟာ ယခင်အောင်မြင်မှုတွေပြန်ရမယ်လို့ ထောက်ခံလိုက်တဲ့ အာမိုရင်
ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ ယခင်အောင်မြင်မှုတွေပြန်ရလိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အက်ဖ်အေဖလားမှာ ဖူလ်ဟမ်ကို ပင်နယ်တီနဲ့အရေးနိမ့်ပြီးနောက် ထွက်ခွာခဲ့ရပြီးနောက် အာမိုရင်က အခုလိုမျိုး မှတ်ချက်ပြုလာခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ယူနိုက်တက်အတွက် လာမယ့်ရာသီဥရောပဝင်ခွင့်ရဖို့ တစ်ခုတည်းသောမျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်သာကျန်တော့တာဖြစ်ပါတယ်။
စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ အာမိုရင်က “ကျွန်တော် အဲ့နေရာမှာရှိနေမလားဆိုတာတောင် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေးနေတာတွေ ၊ လုပ်နေတာတွေက အနာဂတ်အတွက်ပါ။ ဒါပေမယ့် အဲ့တာက အရဲစွန့်ရမှာပါ။ ကျွန်တော်တို့ အများကြီးလုပ်နေပါတယ်။ ပွဲတွေအနိုင်မရချိန်မှာ တစ်ခါတလေ လူတွေပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် နဲ့ အာမိုရင်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ရှိနေပြီး ၁ နှစ်အပိုသက်တမ်းတိုးခွင့်လည်း ပါရှိတာဖြစ်ပါတယ်။ အာမိုရင်က ဘောလုံးမှာ အခွင့်ထူးခံအချိန်တွေမရှိဘူးဆိုတာကို သိထားပြီးဖြစ်သလို အသင်းဘက်ကလည်း သူ့ကိုယုံကြည်လို့ ခန့်အပ်ထားတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။
“အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ လုပ်စရာတွေအများကြီးရှိသလို ခက်ခဲတာတွေလည်း ရှိပါတယ်။ ဝန်ထမ်းထဲက လူတော်တော်များများကလည်း အဲ့အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလုပ်နေတာတွေက အနာဂတ်မှာ နိုင်ပွဲတွေရယူနိုင်ဖို့ပါ”လို့ အာမိုရင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်ကိုပြောင်းလဲပေးဖို့ ရည်မှန်းထားပေမယ့် သူ့လမ်းကြောင်းက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ အက်ဖ်အေဖလားကနေထွက်ခဲ့ရပြီဖြစ်တာကြောင့် ယူနိုက်တက်ဟာ ယူရိုပါလိဂ်ကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပြီး အာတီတာရဲ့ အာဆင်နယ်က အာမိုရင်ရဲ့ယူနိုက်တက်ထက်စာရင် ယုံကြည်မှုပိုကောင်းနေတာဖြစ်ပါတယ်။