
ယူနိုက်တက်ကိုပြုပြင်ဖို့ အစီအစဉ်တွေရှိနေကြောင်း အာမိုရင်အခိုင်အမာပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဒီရာသီဟာ အသင်းအတွက် ကျရှုံးတဲ့ရာသီတစ်ခုဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ သူ့မှာ အစီအစဉ်တွေရှိနေတယ်လို့ အခိုင်အမာဆိုပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
ယခုအခါမှာ အာမိုရင် အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားက နည်းပြက "ကျွန်တော်ဘုတ်အဖွဲ့နဲ့ စကားပြောထားပါတယ်။ ပြီးတော့ အသင်းကလူတိုင်းနဲ့လည်း စကားပြောပြီးပါပြီ။ ဒီအသင်း အခုထက် အများကြီးပိုကောင်းလာရမယ်ဆိုတာ ကျွန်တော်သိပါတယ်"
"ဒီရာသီကျွန်တော်ကိုင်တွယ်ခဲ့တဲ့ ၂၅ ပွဲမှာ အသင်းက ၆ ပွဲပဲနိုင်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်အတော်လေးရှက်မိပါတယ်။ ကျွန်တော်တို့အသင်းမှာ မှားနေတာတွေရှိပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာအရရော၊ နည်းပညာအရရောမမှားပေမယ့် မှားတာတွေတော့ရှိနေတုန်းပါပဲ"
"ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ပြိုင်ပွဲတွေမှာ ကစားခဲ့ပါတယ်။ တစ်ခါတလေမှာ ရှုံးနိမ့်မှုတွေက အသင်းအတွက် တွန်းအားဖြစ်စေပါတယ်။ ကျွန်တော်တို့ ဂိုးပေါက်ကိုကာကွယ်တဲ့ပုံစံက အားနည်းချက်တွေရှိနေလို့ ဂိုးတွေတော့ ပေးနေရတုန်းပါ။ ဒီလိုအမှားတွေကနေ တိုးတက်ဖို့လိုပါတယ်။ ကွင်းတွင်းမှာပဲ မဟုတ်ဘဲ ကွင်းပြင်ပမှာပါ တိုးတက်ဖို့လိုအပ်နေပါတယ်"
"ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ။ ရှုံးတာက အသင်းအတွက်အဆင်မပြေသလို၊ သရေကျတာကလည်း အဆင်မပြေပါဘူး။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ လိဂ်မှာ အခုလိုအခြေအနေနဲ့ ရပ်တည်နေလို့မရပါဘူး။လက်ရှိအသင်းရဲ့ ရပ်တည်မှုက လက်မခံနိုင်စရာပါပဲ။ ဒီလိုဖြစ်နေတာ အသင်းက ယုံကြည်မှုပျောက်ဆုံးနေလို့မဟုတ်ပါဘူး။ အသင်းရဲ့အတွင်းတစ်နေရာမှာ တစ်ခုခုပျောက်ဆုံးနေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။