
နာပိုလီမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဒီဘရိုင်းကိုဆုတောင်းပေးလိုက်တဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဂျူဗင်တပ်စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ယခုနွေရာသီအတွင်းအသင်းနဲ့လမ်းခွဲခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းကိုလည်း နာပိုလီမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ဝိုင်ဒက်နဲ့ အယ်လ်အိန်းတို့ကို အနိုင်ရထားတာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားပြီဖြစ်ပေမယ့် အုပ်စုအတွင်း ပထမနေရာကိုရရှိဖို့အတွက် ဂျူဗင်တပ်စ်ကိုမဖြစ်မနေအနိုင်ကစားဖို့လိုအပ်ခဲ့ပြီး ယခုအခါမှာတော့ စွမ်းဆောင်ရည်ကောင်းနဲ့အတူ ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက "ဒီပွဲအတွက် အရမ်းစိတ်ကျေနပ်ပါတယ်။ နိုင်ပွဲဆက်ပြီး ပုံစံကောင်းရနေတဲ့အသင်းကို ကျွန်တော်တို့အနိုင်ယူခဲ့တာပါ။ ဂျူဗင်တပ်စ်က အမြဲတမ်းဂျူဗင်တပ်စ်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီနေ့လိုစွမ်းဆောင်ရည်မျိုးမရခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ရာသီအတွင်းမှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာသောင်းခြောက်ထောင်ကြုံတွေ့ခဲ့ရလို့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပါတယ်"
"ဒါပေမယ့် အခုတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့လိုက်သလိုပါပဲ။ ကျွန်တော်တို့ဆက်သွားရမယ့် ခရီးကဝေးပါသေးတယ်။ ဒါကြောင့် စကားမပြောဘဲ အလုပ်ကြိုးစားရပါမယ်။ ပြိုင်ပွဲမှာ ကျွန်တော်တို့ ၂ ပွဲနိုင်ထားပြီးဖြစ်ပေမယ့် ဒီပွဲလောက်စိတ်ကျေနပ်မှုမရှိခဲ့ပါဘူး။ နိုင်တာရှုံးတာအရေးမကြီးပါဘူး။ အခုလို ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့ဖို့အရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တိုက်စစ်မှူး အာလင်းဟာလန်းဟာ ဒုတိယပိုင်းမှသာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ဒီကလေးက ဂိုးတွေအများကြီးသွင်းနေပါတယ်။ ဒါပေမယ့် အသင်းမှာနေရာရဖို့ ယှဉ်ပြိုင်ရဦးမယ်ဆိုတာလည်း သူသိထားဖို့လိုပါတယ်။ မာမွတ်ရှ်လည်း အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့ တစ်သင်းလုံးသူတို့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနွေရာသီအတွင်း မန်စီးတီးဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနဲ့ လမ်းခွဲခဲ့ပြီး ဘယ်လ်ဂျီယံသားဟာ စီးရီးအေကလပ် နာပိုလီနဲ့လက်တွဲသွားခဲ့ပါတယ်။
ဒီဘရိုင်းနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ကျွန်တော်သူ့ကိုအရမ်းချစ်ပါတယ်။ ဒီနှစ်တွေအတွင်း အသင်းကရရှိခဲ့တဲ့ အောင်မြင်မှုတွေက သူမပါရင် မဖြစ်နိုင်ပါဘူး။ သူ့ကိုလက်လွှတ်လိုက်ဖို့က အရမ်းခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူအခု အရမ်းကောင်းတဲ့နည်းပြကိုင်တွယ်နေတဲ့ အသင်းကောင်းတစ်သင်းကိုရောက်သွားခဲ့ပါပြီ။ ဒီဘရိုင်းအနေနဲ့ အသင်းသစ်မှာ အကောင်းဆုံးဖြစ်ပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။