တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဘယ်ဂိုးသမားကို ပွဲထုတ်သွားမလဲဆိုတာ အတည်ပြုလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယနေ့နံနက်က ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို လာမယ့် တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ ပွဲထုတ်သွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
ဒီရာသီမှာ လက်စွမ်းကောင်းပြသဖို့ ရုန်းကန်နေရပြီး မကြာခဏဆိုသလို အမှားအယွင်းပြုလုပ်မိနေတဲ့ ဆန်းချက်ဇ်ဟာ ပရိသတ်တွေရဲ့ မေးခွန်းထုတ်မှုကို ခံနေရကာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အရန်အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။ မာရက်စ်ကာကတော့ စပိန်သားအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကာ နွေရာသီမှာ ခေါ်ယူထားခဲ့တဲ့ ဂိုးသမားသစ် ဖိလစ်ပ်ဂျော်ဂျင်ဆန်ကို ယခုပွဲစဉ်မှာသာ စတင်ကစားစေခဲ့ပြီး ကျန်တဲ့အချိန်တွေမှာတော့ ဖလားပွဲစဉ်တွေမှာသာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဂျော်ဂျင်ဆင်ဟာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ သွင်းဂိုး ၁ ဂိုးခွင့်ပြုခဲ့ရကာ ချဲလ်ဆီးတို့ ၁-၅ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ လာမယ့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာတော့ ဆန်းချက်ဇ်ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်အသုံးပြုသွားမယ့်အကြောင်းကို မာရက်စ်ကာက “အဲဒီနေ့မှာတော့ ဆန်းချက်ဇ်ကို ပွဲထွက်ကစားခွင့်ပြုသွားမှာဖြစ်ပြီး အခြားကစားသမားတွေကိုတော့ အတည်မပြုရသေးပါဘူး။ ဆန်းချက်ဇ်ပွဲထွက်သွားမယ်ဆိုတာကတော့ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ သွင်းဂိုး ၅ ဂိုးအထိရရှိပြီး ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပေမယ့် မာရက်စ်ကာကတော့ အပြည့်အဝ ကျေနပ်ခဲ့ပုံမပေါ်ဘဲ အီတလီသားက “၅ ဂိုးအထိသွင်းနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ပွဲအစ ၁၀ မိနစ် ၁၅ မိနစ်လောက်မှာ ကျွန်တော်တို့ အတော်လေးရုန်းကန်ခဲ့ရလို့ သိပ်တော့ မကျေနပ်ပါဘူး။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတဲ့ အကြောင်းပြချက်က ဘောလုံးကို အာရုံမစိုက်ဘဲ လူအချင်းချင်းဖိအားပေးတဲ့ နည်းဗျူဟာကို မလုပ်ခဲ့တာကြောင့်ပါ။ ပထမပိုင်း မိနစ် ၂၀ လောက်အထိ ကျွန်တော်တို့ ဒီနည်းဗျူဟာကို အသုံးမချခဲ့ပါဘူး။ ဒီလိုအသင်းမျိုးကို ဒီလိုပုံစံနဲ့မကစားရင် ဘောလုံးပြန်ရဖို့ အရမ်းခက်ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီး အခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အခုသွင်းခဲ့တဲ့ ၅ ဂိုးကလည်း လုံလောက်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။