The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲမှာ ဘယ်ဂိုးသမားကို အသုံးပြုမယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ဂိုးသမား ၂ ယောက်ဖြစ်တဲ့ အန်ဒရေအိုနာနာနဲ့ အယ်လ်တေးဘယင်ဒါတို့ဟာ ကြံ့ခိုင်မှုပြည့်ဝနေကြပေမယ့် လာမယ့်တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ဘယ်တစ်ယောက်ကို ပွဲထွက်ခွင့်ပြုသွားမလဲဆိုတာ ကြိုတင်ပြောပြခဲ့ခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းရဲ့နံပါတ် ၁ ဂိုးသမား အန်ဒရေအိုနာနာဟာ ဒဏ်ရာပြဿကြောင့်ရော၊ အပြောင်းအရွှေ့သတင်းတွေကြောင့်ပါ ယူနိုက်တက်နဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဘယင်ဒါက ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘယင်ဒါအနေနဲ့ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် အခွင့်အရေးကို အမိအရအသုံးချနိုင်ခဲ့ခြင်းမရှိဘဲ သိသာထင်ရှားတဲ့အမှားတစ်ခုကိုပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် ယခုအပတ် ဖူလ်ဟမ်နဲ့ပွဲမှာ ဘယ်ဂိုးသမားကိုပွဲထုတ်သွားမလဲလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာ အာမိုရင်က “အိုနာနာက ပြီးခဲ့တဲ့အပတ်ကလိုပဲ ကစားဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့် ဘယ်သူက ပွဲထွက်ခွင့်ရသွားမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရဦးမှာပါ။ မာတီနက်ဇ်နဲ့ မာဇရာဝီတို့က လူစာရင်းမှာမပါပါဘူး။ ကျန်တဲ့ကစားသမားတွေအားလုံး ကစားဖို့ အဆင်သင့်ဖြစ်နေကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ အင်တာမီလန်မှ အိုးလ်ထရက်ဖို့ဒ်သို့စတင်ပြောင်းရွှေ့လာကတည်းက ပွဲဦးထွက်ရာသီမှာပဲ သိသာထင်ရှားတဲ့ အမှားတွေဆက်တိုက်ကျူးလွန်ခဲ့ပြီး ပရိသတ်ဝေဖန်မှုတွေနဲ့ တောက်လျှောက်ကြုံတွေ့ထားခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရာသီကမှ ယူနိုက်တက်သို့စတင်ရောက်ရှိလာခဲ့တဲ့ ဘယင်ဒါကလည်း ယုံကြည်စိတ်ချရလောက်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်းမရှိသေးတာကြောင့် ယခုနွေရာသီမှာ ယူနိုက်တက်အနေနဲ့ ဂိုးသမားသစ်ထပ်မံခေါ်ယူတော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ 

အပြောင်းအရွှေ့သတင်းတွေအရ ယူနိုက်တက်ဟာ အိုနာနာကိုပြန်လည်ရောင်းချဖို့ပြင်ဆင်နေပြီး ရွိုင်ရယ်အန့်ဝပ်ဂိုးသမား ဆန်နီလမ်မန်စ်ကို ယူရိုသန်း ၂၀ နဲ့ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာတော့ နည်းပြအာမိုရင်အနေနဲ့ အိုနာနာနဲ့ ဘယင်ဒါတို့အကြားဘယ်ဂိုးသမားကို ရွေးချယ်သွားမလဲ စောင့်ကြည့်ရပါမယ်။