The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ မိုင်နူးကို ဘာကြောင့် တိုက်စစ်မှူးနေရာ ကစားခိုင်းခဲ့တာလဲ ရှင်းပြလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးကို ဘာကြောင့် တိုက်စစ်မှူးနေရာမှာ ထားသုံးခဲ့သလဲ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

ယူနိုက်တက်ကဟာ ယခုရာသီ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားထားရာမှာ ၇ ပွဲအထိရှုံးပွဲကြုံတွေ့ထားခဲ့ရပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ နည်းပြ အာမိုရင်ဟာ မထင်မှတ်ထားတဲ့ ကစားကွက်အခင်းအကျင်းတစ်ခုကို ပြသခဲ့ပြီး အသင်းရဲ့တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ဂျိုရှူးဝါး ဇက်ခ်ဇီတို့ကို အရန်ခုံပို့ခဲ့ကာ ကွင်းလယ်လူ မိုင်နူးကို တိုက်စစ်နေရာမှာ ပြောင်းလဲကစားစေခဲ့ပါတယ်။ 

သို့သော်လည်း အာမိုရင်ရဲ့ ကစားကွက်က အလုပ်မဖြစ်ခဲ့ဘဲ အိမ်ကွင်းမှာ သွင်းဂိုးမဲ့ခဲ့ကာ ပြိုင်ဘက်ကို တိုက်စစ်ဆင်မှုတွေလည်း ထိထိရောက်ရောက်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပဲလေ့စ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ အလီဂျန်ဒရိုဂါနာချိုနဲ့ အာမက်တို့က ရှေ့တန်း ၃ ယောက်တွဲ နေရာမှာကစားခဲ့ပြီး မိုင်နူးကတော့ နံပါတ် ၉ နေရာမှာ ကစားခဲ့တာဖြစ်ပါတယ်။ 

တိုက်စစ်ပိုင်း ကစားပုံညံ့ဖျင်းခဲ့တဲ့ယူနိုက်တက်ဟာ ယခုပွဲစဉ်မှာ ဂိုးပေါက်တည့်မတ်တဲ့ကန်သွင်းချက် ၂ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး အားရစရာစွမ်းဆောင်ရည်မျိုး မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ကျွန်တော်တို့ ဒီနေ့ တိုက်စစ်မှာ ကိုဘီမိုင်နူးနဲ့ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ဇက်ခ်ဇီနဲ့ ဟွိုက်လန်းတို့ကို ဆန့်ကျင်ချင်လို့မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အသင်းက ကစားသမားတွေကို နေရာမှန်ပို့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေပိုရဖို့မဟုတ်ဘဲ တစ်သင်းလုံးအနေနဲ့ ဂိုးပိုသွင်းနိုင်ဖို့ပါ။ ဒါက ပေါင်းစပ်မှုပြဿနာပါပဲ။ ဒါကိုတိုးတက်အောင်ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပွဲမစခင်မှာလည်း ကစားကွက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာမှာ အာမိုရင်က “ကစားသမားတွေကို မတူညီတဲ့နေရာတွေမှာ ကစားစေဖို့ ကြိုးစားနေတာပါ။ပြိုင်ဘက်ကို အန္တရာယ်ပေးဖို့ပေါ့။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ တိုးတက်နိုင်ဖို့လည်း ဆန္ဒရှိခဲ့ပါတယ်။ ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုပိုရဖို့ရောပေါ့။ ကျွန်တော် ဘောလုံးကိုင်ကစားတတ်တဲ့မိုင်နူးကို ကြိုက်ပါတယ်။ ကစားကွက်တည်ဆောက်တဲ့နေရာမှာ ဘောလုံးကိုင်ထားနိုင်ဖို့က အရေးကြီးပါတယ်။ သူ့ရဲ့ ဘောလုံးကိုင်နိုင်စွမ်း၊ အခွင့်အရေးဖန်တီးနိုင်စွမ်းနဲ့ဆိုရင် ကျွန်တော်တို့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အခွင့်အရေးတွေ ပိုရမှာပါ” လို့ဖြေကြားခဲ့ပါတယ်။