The network connection is lost.

Banner Image

အမိုက်စားမော်တော်ကားတွေနဲ့ ပြည့်နှက်နေတဲ့ စီရော်နယ်ဒိုရဲ့အံ့အားသင့်ဖွယ် ပေါင် ၁၉ သန်းတန် ကားဂိုဒေါင်

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မော်တော်ကားပိုင်ဆိုင်မှုက မြင်ဖူးသမျှထဲမှာ ဖြုံလောက်စရာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အသက်-၃၉ နှစ်အရွယ်ဆီ ချဉ်းနင်းဝင်ရောက်လာပေမယ့် သန်မာနေဆဲဖြစ်တဲ့ ပေါ်တူဂီစတားက ပေါင်သန်းရာချီ ကြွယ်ဝပြီး သူ့ရဲ့ကားဂိုဒေါင်ဆီ အမိုက်စားကားတွေ ပေါင်းထည့်ရခြင်းကို ကြိုက်နှစ်သက်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ လက်ရှိအယ်လ်နာဆာအပါအဝင် ကလပ်အသင်းများစွာမှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့မှုနဲ့အတူ အံ့မခန်းမက်လောက်စရာ စာချုပ်စာတမ်းတွေကြောင့် စီရော်နယ်ဒိုရဲ့ချမ်းသာကြွယ်ဝမှုက ပေါင်သန်း ၅၀၀ ကျော်အထိ ရှိလိမ့်မယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုကိုယ်တိုင်ကလည်း မော်တော်ကားသစ်ဝယ်ယူရခြင်းအပေါ် သူ့ရဲ့ကြိုက်နှစ်သက်မှုကို လျှို့ဝှက်မထားခဲ့ဘဲ လတ်တလောနှစ်တွေအတွင်း အံ့အားသင့်လောက်စရာပမာဏအထိ သုံးစွဲထားခဲ့ပါတယ်။ ပေါင် ၁၆၄,၀၀၀ တန်ကြေးရှိ နောက်ဆုံးပေါ် BMW XM Red Label မော်တော်ကားသစ်အပါအဝင် စုစုပေါင်းပေါင် ၁၉ သန်းကျော်အထိ တန်ကြေးရှိမယ့် အမိုက်စားမော်တော်ကားတွေကို ပေါ်တူဂီစတားပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။
အခုနှစ်အစောပိုင်းမှာပဲ စီရော်နယ်ဒိုက သူ့ရဲ့မက်လောက်စရာအိမ်ခြံဝန်းအတွင်းမှ ပေါင် ၄၀၀,၀၀၀ တန်ကြေးရှိ နက်ပြာရောင် Ferrari Purosangue မော်တော်ကားတစ်စီးကို ထုတ်ပြခဲ့ပြန်ပါတယ်။

ဒါပေမယ့် သူပိုင်ဆိုင်ထားတဲ့မော်တော်ကားတွေအနက် ရွေးချယ်ချင်စရာအကောင်းဆုံးကတော့ ပေါင် ၉ သန်းတန် Bugatti ပဲ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်က မိသားစုလိုက်စီးနင်းနိုင်ဖို့အတွက် Range Rover ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် သူ့ရဲ့အံ့အားသင့်စရာကားဂိုဒေါင်ကြီးအတွင်းရှိ မော်တော်ကားအချို့ကို လေ့လာကြည့်ကြရအောင်။

Bugatti Centodieci, ပေါင် ၉ သန်း
--------------------------------------------
၂၀၂၁ ခုနှစ်ဆီ ပြန်ကြည့်လိုက်မယ်ဆိုရင် စီရော်နယ်ဒိုက သူ့ရဲ့ပိုင်ဆိုင်မှုစာရင်းမှာ အရမ်းမိုက်ပြီး ဈေးနှုန်းလည်း ကြီးမားလှတဲ့ မော်ဒယ်မြင့်မော်တော်ကားတစ်စီးကို ပေါင်းထည့်ခဲ့ပါတယ်။

ပေါင် ၉ သန်းတန်ကြေးရှိ Centodieci မှာ 8 litre W16 အင်ဂျင်တစ်လုံး တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၆၀၀ အထိ ရှိမယ့် အထူးမော်ဒယ်အမျိုးအစားထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ဒီမော်တော်ကားအမျိုးအစားက Bugatti ထုတ်ကုန်ဖြစ်တဲ့ Chiron ထက် မြင်းကောင်ရေတစ်ရာကျော် ပိုမိုသာလွန်ပြီး တန်ဖိုးအားဖြင့်လည်း သုံးဆကျော် ပိုမိုများပြားပါတယ်။

ဒီမော်တော်ကားအမျိုးအစားက ၂ ဒဿမ ၄ စက္ကန့်အတွင်းမှာပဲ  ၆၂ မိုင်အထိ ရောက်ရှိနိုင်မယ့် ရုန်းအားရှိပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် ၂၃၆ မိုင်အထိ စွမ်းဆောင်နိုင်ပါတယ်။ စီရော်နယ်ဒိုရဲ့ Centodieci ကိုတော့ ဆော်ဒီနိုင်ငံမှာ တွေ့လိုက်ရပါတယ်။

လတ်တလော ရီယက်ဒ်မြို့ရဲ့လမ်းမတွေထက်မှာတော့ စီရော်နယ်ဒိုရဲ့ SUV အမျိုးအစား Range Rover မော်တော်ကားသစ် ဖြတ်သန်းသွားခဲ့ဖူးပါတယ်။
Evoque ထက်ကြီးပြီး Sport Type အမျိုးအစားတွေထက် သေးငယ်တဲ့ မိသားစုသုံးမော်တော်ကားက တိုက်စစ်မှူးအတွက် ပြီးပြည့်စုံလွန်းလှပါတယ်။

လျှပ်စစ်စွမ်းအင်သုံးမော်တော်ကားဖြစ်လို့ သဘာဝပတ်ဝန်းကျင်အတွက်လည်း အထူးသင့်လျော်ပါတယ်။ ဒီမော်တော်ကားအမျိုးအစားက ၅ ဒဿမ ၄ စက္ကန့်အတွင်းမှာပဲ ၆၂ မိုင်အထိ မြှင့်တင်ပေးနိုင်လို့ အတော်လေးသွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

Aston Martin DBS, ပေါင် ၂၀၀,၀၀၀
-----------------------------------------
မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့ချိန်တွေမှာ စီရော်နယ်ဒိုက ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ အံ့အားသင့်လောက်စရာ Aston Martin DBS Superleggera မော်တော်ကားတစ်စီးနဲ့ ရောက်ရှိလာတတ်ပါတယ်။
ဒီ Aston Martin DBS Superleggera မော်တော်ကားက 5.2 litre Twin-turbocharged V 12 အင်ဂျင်တပ်ဆင်ထားပြီး ၇၁၅ မြင်းကောင်ရေအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

အမြင့်ဆုံးမြန်နှုန်းမှာ ၂၁၁ မိုင်ဖြစ်ပြီး ၃ ဒဿမ ၄ စက္ကန့်အတွင်းမှာပဲ မိုင် ၆၀ အထိ ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်။ ဒီမော်တော်ကားကလည်း စီရော်နယ်ဒိုရဲ့ရင်သပ်ရှုမောစရာ မော်တော်ကားပိုင်ဆိုင်မှုစာရင်းမှာ ထိုက်ထိုက်တန်တန် ပါဝင်နေပါတယ်။

Mercedes G-Wagon Brabus, ပေါင် ၆၀၀,၀၀၀
------------------------------------------------------
မင်းရဲ့ချစ်သူသာ ဂျော်ဂျီနာရိုဒရီဂွတ်ဇ်ဖြစ်မယ်ဆိုရင် အခုလိုမော်တော်ကားအမျိုးအစားကို လက်ဆောင်ရရှိပါလိမ့်မယ်။လှပတဲ့အမျိုးသမီးက စီရော်နယ်ဒိုရဲ့ ၃၅ နှစ်မြောက်မွေးနေ့မှာ အကြီးမားဆုံးမွေးနေ့လက်ဆောင်အဖြစ် ပေါင် ၆၀၀,၀၀၀ ထက်မနည်းတန်ကြေးရှိတဲ့ ရင်သပ်ရှုမောဖွယ် Mercedes G-Wagon Brabus ကိုပေးအပ်ခဲ့ပါတယ်။ တောက်ပလွန်းတဲ့ SUV အမျိုးအစားမော်တော်ကားက အမြင့်ဆုံးမြန်နှုန်းအဖြစ် ၁၃၇ မိုင်အထိ ပေးစွမ်းနိုင်ပါတယ်။

Bugatti Chiron, ပေါင် ၂ ဒဿမ ၅ သန်း
---------------------------------------------
၂၀၁၇ ခုနှစ်မှာ သန်းကြွယ်သူဋ္ဌေးတိုက်စစ်မှူးက အံ့မခန်းငွေရောင် Bugatti Chiron တစ်စီးကို ဝယ်ယူဖို့ ဘဏ္ဍာတိုက်ဖွင့်လှစ်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်စရာဘဲ ဒီမော်တော်ကားအမျိုးအစားက အမြင့်ဆုံးမြန်နှုန်း မိုင် ၂၆၀ အထိ ရောက်ရှိနိုင်ပြီး ၂ ဒဿမ ၅ စက္ကန့်အတွင်းမှာပဲ မိုင် ၆၀ အထိရှိမယ့်ရုန်းအားတစ်ခုကို ဖန်တီးပေးပါတယ်။

ပြောရရင် စီရော်နယ်ဒိုက ဘယ်အရာမဆို အပိုဆောင်းရှိနေတာမျိုးကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်လို့ ဒီမော်တော်ကားက သူဝယ်ယူခဲ့တဲ့ ဒုတိယမြောက် Bugatti အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် သူက တတိယမြောက်အဖြစ် Bugatti La Voiture Noire ကိုတော့ ဝယ်ယူဖို့ ငြင်းဆန်ခဲ့ပါတယ်။

Bugatti Veyron, ပေါင် ၁ ဒဿမ ၇ သန်း
---------------------------------------------
အတော်လေးလှပလွန်းတဲ့ မော်တော်ကားအမျိုးအစားဖြစ်ပြီး ပေါင် ၁ ဒဿမ ၇ သန်းအထိ တန်ကြေးရှိပါတယ်။ ပေါ်တူဂီဂန္တဝင်က အမိနိုင်ငံအတွက် ယူရို-၂၀၁၆ ချန်ပီယံအောင်ပွဲကို ရယူပေးပြီးနောက် အခုမော်တော်ကားကို ဝယ်ယူခဲ့ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုရဲ့ Veyron က ၂၀၂၂ ခုနှစ်၊ မာဂျော်ကာဒေသ ယာဉ်တိုက်မှုဖြစ်စဉ်မှာလည်း ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ စီရော်နယ်ဒိုမဟုတ်တဲ့ Veyron မော်တော်ကားမောင်းနှင်သူက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်နံရံတစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် မော်တော်ကားရဲ့ရှေ့ခြမ်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး အခြားမော်တော်ကားတွေနဲ့ တိုက်မိတာမျိုး မရှိဘူးလို့ သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့ပါတယ်။ Veyron မော်တော်ကားမောင်းနှင်သူကိုယ်တိုင်လည်း ကြီးကြီးမားမားထိခိုက်ဒဏ်ရာ မရခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။

Lamborghini Aventador, ပေါင် ၂၆၀,၀၀၀
------------------------------------------------
Bugatti Veyron တစ်စီးက စီရော်နယ်ဒိုရဲ့ မော်တော်ကားတွေအပေါ် ချစ်စိတ်ကို အလုံးစုံမဖြည့်ဆည်းပေးနိုင်လို့ အဲ့ဒီနှစ်အတွင်းမှာပဲ သူက Lamborghini Aventador တစ်စီးအတွက် နောက်ထပ်ငွေအလုံးအရင်း သုံးစွဲခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ အခုကားမော်တော်ကားအမျိုးအစားက အီတာလျံမော်တော်ကားဒီဇိုင်နာတွေရဲ့ အကျော်ကြားဆုံးလက်ရာတစ်ခု ဖြစ်ပါတယ်။
 
ဒီလိုမော်တော်ကားတွေကို ဈေးဘယ်လောက်ကြီးကြီး ဝယ်ယူသုံးစွဲနိုင်တဲ့ ဘောလုံးအကျော်အမော်တိုင်း ပိုင်ဆိုင်ထားကြပါတယ်။ စီရော်နယ်ဒိုက အခုမော်တော်ကားကို ၂၀၁၆ ခုနှစ်အတွင်းမှာ ဝယ်ယူခဲ့ပြီးနောက် လူမှုကွန်ရက်မှတဆင့် “Bom dia(Good Morning)”ဆိုပြီး အောင်ပွဲခံခဲ့ပါတယ်။

Rolls-Royce Cullinan, ပေါင် ၃၃၀,၀၀၀
---------------------------------------------
ပေါင် ၃၆၃,၀၀၀ တန်ကြေးရှိ Rolls-Royce Phantom တစ်စီးကို ပိုင်ဆိုင်ထားတဲ့ စီရော်နယ်ဒိုက  Cullinan တစ်စီးကိုလည်း သူ့ရဲ့ပိုင်ဆိုင်မှုဆီ ၂၀၂၀ ပြည့်နှစ်အတွင်း ထပ်ပေါင်းထည့်ခဲ့ပါတယ်။ စီရော်နယ်ဒိုက သူ့ရဲ့အလုပ်ရှင်သစ်အပေါ်သစ္စာရှိကြောင်း ပြသမှုအဖြစ် မော်တော်ကားအတွင်းပိုင်းကို အဖြူ၊ အမည်းပေါင်းစပ်ထားတဲ့ သားရေထိုင်ခုံတွေနဲ့ ပေါင်းစပ်ပြင်ဆင်ခဲ့ပါတယ်။

ငါးမီတာကျော်အရှည်ရှိတဲ့ Cullinan က V12 အင်ဂျင်တစ်လုံးတပ်ဆင်ထားပြီး ၅၇၁ မြင်းကောင်ရေအထိ စွမ်းဆောင်ရည်ရှိပါတယ်။ Cullinan က Rolls-Royce ထုတ်လုပ်ခဲ့ဖူးတဲ့ တစ်ခုတည်းသော SUV အမျိုးအစားမော်တော်ကား ဖြစ်ပါတယ်။

Ferrari F12 TDF, ပေါင် ၃၅၀,၀၀၀
---------------------------------------
၂၀၁၇ ခုနှစ်အတွင်းမှာတော့ စီရော်နယ်ဒိုက ကမ္ဘာ့ဈေးကွက်အတွင်း အစီးရေ ၈၀၀ သာရှိတဲ့ F12 TDF တစ်စီးကို ဝယ်ယူခဲ့ပါတယ်။ သေချာတာကတော့ ဒီမော်တော်ကားအမျိုးအစားက သူပိုင်ဆိုင်ထားတဲ့ကားတွေအနက် အကျော်ကြားဆုံးစာရင်းဝင်ဖြစ်ပါတယ်။ ၂၁၁ မိုင်အထိ အမြင့်ဆုံးမြန်နှုန်းရှိသလို ၂ ဒဿမ ၉ စက္ကန့်အတွင်းမှာပဲ ၆၂ မိုင်အထိ ရုန်းအားရှိလို့ အတော်လေးကောင်းမွန်တဲ့ မော်တော်ကားဖြစ်ပါတယ်။ စီရော်နယ်ဒိုက အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူဖြစ်ပေမယ့် F12 TDF ဆီကိုတော့ သူ့ရဲ့ခွေးတွေကို တင်ဆောင်ခွင့်မပြုပါဘူး။

Chevrolet Camaro, ပေါင် ၃၅,၀၀၀
----------------------------------------
စီရော်နယ်ဒိုက အမေရိကန်ထုတ်မော်တော်ယာဉ်တွေအကြောင်း ဆာအဲလက်စ်ဖာဂူဆန်ဆီမှ တစ်ခုခုတော့ သင်ကြားခဲ့ရပါလိမ့်မယ်။ ပြီးတော့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီးက သရဲနီနည်းပြဘဝမှာ လေ့ကျင့်ရေးကွင်းဆီ Chevrolet တစ်စီးနဲ့ ရောက်ရှိလာတတ်ပါတယ်။

Camaro က စီရော်နယ်ဒိုပိုင်ဆိုင်တဲ့ မော်တော်ကားတွေအနက် ဈေးအသက်သာဆုံးဖြစ်ပေမယ့် ဒီမော်တော်ကားမှာ ၄၅၃ မြင်းကောင်ရေအထိ ထုတ်လုပ်ပေးနိုင်တဲ့ 6.2-litre V8 အင်ဂျင်တစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ စီရော်နယ်ဒိုက သူတို့မိသားစုသုံးစွဲနိုင်ဖို့ ဒီမော်တော်ကားအမျိုးအစားကို ၂၀၁၆ ခုနှစ်အတွင်းမှာ ဝယ်ယူခဲ့ပါတယ်။

McLaren Senna, ပေါင် ၁ သန်း
-----------------------------------
ဘရာဇီးဂန္တဝင်ပြိုင်ကားမောင်းသမား Ayrton Senna ကို ဂုဏ်ပြုသောအားဖြင့် စီးရေ ၅၀၀ သာ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားခဲ့တဲ့ အခုမော်တော်ကားအမျိုးအစားကို ဝယ်ယူဖို့ စီရော်နယ်ဒိုက ပေါင် ၁ သန်းဝန်းကျင် အသုံးပြုခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်လွန်းမှုကြောင့် McLaren Senna ဟာ စူပါမော်တော်ကားလောကကို တစ်ခေတ်ဆန်းသစ်စေခဲ့တယ်လို့ ရုပ်သံအစီအစဉ်ကြေညာသူဟောင်းဂျယ်ရမီကလက်ဆန်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဒီမော်တော်ကားအမျိုးအစားက မြင်းကောင်ရေ ၈၀၀ အထိ ထုတ်လုပ်ပေးနိုင်တဲ့ နှစ်လုံးထိုးတာဗို V8 အင်ဂျင်ကို တပ်ဆင်ထားပြီး ၂ ဒဿမ ၈ စက္ကန့်အတွင်းမှာပဲ ၆၂ မိုင်အထိရောက်ရှိနိုင်မယ့် မြန်နှုန်းမျိုးကို ပေးစွမ်းနိုင်ပါတယ်။ McLaren Senna ကို ဖင်လန်ပြိုင်ကားဒရိုင်ဘာအကျော်အမော်ဟောင်း Mika Hakkinen လည်း ပိုင်ဆိုင်ထားပါတယ်။